Sunday, June 26, 2016

ကျနော် ဒီဘလော့ လေးမှာ မရေးဖြစ်ခဲ့တာ လေးနှစ်လောက် ရှိပါပြီ။
ဒီနေ့ ဇွန်လ ၂၆ ရက် ညပိုင်းမှာ စိတ်ကူးရလို့ ဖွင့်ကြည့်မိလိုက်တော့ အဆင်သင့် ရှိနေသေးတာ တွေ့ရတယ်။

ဒါနဲ့ အမှတ်တရ စာစုလေး တချို့ ရေးတင်လိုက်မိတယ်။
 မနက်ဖြန်ဆို ကျနော်က ခါးဆစ်ရောဂါ အတွက် အရိုးအကြောအထူးကု ဆရာဝန်ကြီးဒေါက်တာကံမင်း နဲ့ ပင်လုံဆေးရုံမှာ ပြသ ကုသရမှာဖြစ်တယ်
ငါးနှစ်လုံးလုံး မကြာမကြာ ခံစားနေရတဲ့ ခါးဆစ် အာရုံကြောညှပ်တာလား ခါးဆစ် ကျီးပေါင်းတက်တာလား မသိတဲ့ ပြင်းထန်စွာ ခါးနာနေမှုအတွက် ကုသမှာဖြစ်ပါတယ်။

ထောင်ကျနေစဉ်က အကြိမ်ကြိမ် မထနိုင်ပဲ လပေါင်းများစွာ လဲလျောင်းနေခဲ့ရပေမယ့် အရိုးအကြောဆေးရုံတွေမှာ ကုသခွင့် မရခဲ့ပါဘူး။ အခု နောက်ဆုံး ၂၀၁၅ တနှစ်လုံး ထောင်ထဲနေစဉ်မှာလည်း လေးလ လောက် တခါ ပြန်လှဲနေရပြန်ပါသေးတယ်။

ထောင်က လွတ်ပြီးတဲ့ နောက် တခါတလေ ခရီးဝေး ကားဆောင့်တဲ့ အခါ ၊ အခန့်မသင့်တဲ့ အခါမျိုးမှာ ပြန်ပြန် နာနေတတ်ပေမယ့် လုပ်စရာ အလုပ်တွေ ရှိနေတယ်လို့ အားတင်းပြီး ကြိတ်မှိတ် နေခဲ့ လုပ်ခဲ့တာ ရေရှည် အတွက် စိတ်ပူစရာဖြစ်လာတယ်။

အခု ဆွစ်ဇာလန် နိုင်ငံက ခန ပြန်လာတဲ့ ဆရာဝန်ကြီး ဒေါက်တာကံမင်းနဲ့ မနက်ဖြန်မှာ ကုသရမယ်။ ခေတ်မှီ နည်းပညာနဲ့ အထူးကု ဆရာဝန်ကြီးကိုယ်တိုင် ကုသ ပေးမှာဖြစ်လို့ ခွဲစိတ်ရမယ် ဆိုရင်တောင် ကျနော် စိတ်မပူပါဘူး။ စိတ်သက်သာပါတယ်။  ခွဲစိတ်ရမယ့် အဆင့်လည်း မဖြစ်လောက်ဘူးလို့ ထင်ပါတယ်။

ဒါပေမယ့်လည်း လူ့ဘ၀ ဆိုတာ လှံထမ်းလာတာ သာ မြင်ရတာ ကံထမ်းလာတာ မမြင်ရသလို ကံပြုတ်ကျနေတာကိုလည်း ကြိုမသိနိုင်ဆိုတော့ ။  ကျမ်းမာရေး ပြန်လည် ကောင်းမွန်လာမလား။ ဆိုးရွားသွားနိုင်သလား ဆိုတာ ဘာမှ မမျှော်လင့်နိုင်တဲ့ ကံ တခုပါပဲ။

ဒါကြောင့် စာစုလေးတွေကို သတိတရရေးမိတယ်။

မြန်မာ့လူမှုဘ၀တိုးတက်မြင့်မားရေး လုပ်ငန်းစဉ်များစွာ အတွက် အစီအစဉ်တွေ၊ ရည်မှန်းချက်တွေနဲ့ အရှိန် အဟုန် ပြင်းပြင်းဆောင်ရွက်ဖို့ အချိန်ရလာချိန်မှာ ကျနော် လူနာတယောက် အဖြစ် ခါးဆစ် ဝေဒနာကို ပြန်မခံစားချင်တော့လို့ ဆရာဝန်ကြီးထံမှာ ရအောင် ဆေးကုသခွင့်တောင်းခံရတာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၁၈ နှစ်က ပုံလေးနဲ့ အခု အသက် ၄၁ နှစ်အရွယ် ပုံ ဇရာထောင်းလာတဲ့ပုံ နှစ်ခုကို ပြန်ယှဉ်ကြည့်ရင်း ကျနော် လူ့လောက မှာ အသက်ရှင်နေတာ တန်ဖိုးရှိပါရဲ့လား။ လူတယောက် အဖြစ် လူပီသသူ ဖြစ်နေပါရဲ့လား လို့ ပြန်မေးခွန်းထုတ်နေမိတယ်။




အားလပ်တဲ့ အချိန်လေးတွေမှာ ဒီဘလော့လေးကို ဆက်လက် ရေးသားပါမယ်။ မနက်ဖြန် ဆေးရုံ မတက်ရပဲ အေးဆေးစွာနဲ့ ဆေးစား လေ့ကျင့်ခန်းလုပ်ယုံဖြင့် ရောဂါ ပြန်လည် သက်သာ ပျောက်ကင်းလာလိမ့်မယ် ဆိုရင် သိပ်ကောင်းမှာပဲလို့ တွေးနေမိပါတယ်။

ခွဲစိတ်ရမှာ မကြောက်။ သေမှာ နာမှာလည်း မကြောက်။
အမိမြေ အတွက် လုပ်ဆောင်စရာ အကြောင်းအရာ တွေ များလွန်းအားကြီးတဲ့ အတွက် လုပ်ရန် အချိန်မရပဲ ဆေးရုံကုတင်မှာ သွားလှဲလျောင်းနေရမှာကိုပဲ ကြောက်တာပါ။

မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ။
မြန်မာနိုင်ငံသားများ တိုးတက်ပါစေ။ ချမ်းသာပါစေ။ ကျမ်းမာပါစေ။

Type your summary here. Type the rest of your post here.

Wednesday, October 31, 2012

ကျနော့် ဘ၀ ကောက်ကြောင်း တမျှင်



ကျနော် ဆိုသော လူ သေးသေးလေးကို မွေးမွေးချင်းကပင် လောကဓံ က ခပ်ကြမ်းကြမ်း ကြိုဆိုခဲ့ပါသည်။

 မျက်စေ့ ကောင်းစွာ မမြင်သော အမေစု ဆိုသည့် ၀မ်းဆွဲသည်  အဖွားအိုက မိခင် ၀မ်းမှ ကျွတ်လွတ် မွေးဖွါးလာသော သားကင်းငယ်လေးကို လက်ဖြင့် ဖမ်း မမိလိုက်။ လွတ်ထွက်သွားသည်။

 ဒုန်း ကနဲ ကွပ်ပျစ်ပေါ် တစုံတခု ပြုတ်ကျသံနှင့် အတူ ကလေး တဦးဧ။် ၀ါး ကနဲ စူးရဲစွာ အော်ငိုသံကြားမှ ကလေး မွေးသွားပြီကို သိလိုက်သည် ဆိုဧ။်။

လောကဓံက လောက လေကို စ ရှုရှုချင်းပင် နာကျင်ခက်ခဲမှုနှင့် စတင် မိတ်ဆက်ပေးလိုက်သည့် နေရာလေးမှာ မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်း၊ သုဝဏ္ဍမြို့၊ ၂၄ ရပ်ကွက်။ ရေနံ့သာလမ်းမ၊ ကမာလမ်းသွယ် အိမ်အမှတ် ၇၄ အခန်း (၁) တွင်ဖြစ်သည်။ မွေးဖွါးလာပြီးပြီးချင်း ကြမ်းပြင်ပေါ် ပြုတ်ကျခဲ့သည့်  အချိန်မှာ  ခရစ် သက္ကရာဇ် 1975 ခုနှစ်၊ ဇွန်လ (၁၀) ရက် ၊ မြန်မာလို အင်္ဂါ နေ့ ဖြစ်သည်။
နေမျိုးဇင် မွေးဖွါးသော ခုနှစ်က ထုတ်ဝေတဲ့ တက္က္ကသိုလ် နှစ်လည် မဂ္ဂဇင်း ပုံလေးဖြစ်ပါတယ်။

နွမ်းပါးသော ရေနံဝန်ထမ်း စာရေး ဖခင်နှင့် လက်လုပ်လက်စား အကြော်သည် မိခင်တို့မှ မွေးဖွါးသော ကျနော် တိုင်းပြည် ဗရုတ် ဗရက် ကာလ အတွင်းတွင် လူဖြစ်ခဲ့ရတယ်။  သမိုင်း အရေးအခင်းများ ဖြစ်နေချိန်၊ စာသင်ကျောင်းများ အားလုံး ပိတ်ထားချိန် မှာ ကျနော် မွေးခဲ့တာမို့လား မသိ ။ ကျနော်တို့ လူလားမြောက်ချိန် ထိ ကျောင်းတွေက ဖွင့်လိုက် ပိတ်လိုက်။ မတည်ငြိမ်သေးပေ။

 ကျနော် မွေးစဉ်နှင့် မွေးပြီး မကြာမှီတွင်ပင်နိုင်ငံရေး အုံကြွမှုများ ဆက်တိုက်ဆိုသလို ဖြစ်ခဲ့သည်။

ကျနော် အနည်းငယ်မှတ်မိလောက်သည့် အရွယ်တွင် ဖခင်ဖြစ်သူ ဦးငွေဇင် ဧ။် ရေနံလုပ်သားအဖြစ် မင်းဘူးမြို့တွင် တာဝန်ထမ်းခိုက် အဖြစ်အပျက်များဖြစ်သည်။ ကျောင်းသား သူငယ်တန်းကြီး အရွယ်၊ ဒုတိယတန်း အရွယ်တို့တွင် ကျောင်း ကပွဲများတွင် တက်ရောက် သီချင်းကဗျာတွေ ဆိုတတ်နေပြီ။ ဓါတ်ပုံမှတ်တမ်းလေးများပင် ကျန်နေသေးသည်။

ဟာ သ အဖြစ် ကျောင်းကပွဲ တခုတွင် ကဗျာတပုဒ်ကို ကျနော် ဆိုရသည်။  ..... ဟို ကိုသွားလည်း ဖိုး လမင်း၊ ဒီကို သွားလည်း ဖိုးလမင်း ........ လမင်း ကဗျာ ဆိုနေခိုက် မခိုင့်တခိုင် ခါးပတ်ဖြင့် တွဲပတ် ၀တ်ပေးထားသော လူကြီးများဝတ် ပုဆိုး က ခြောက်နှစ်သား ကျနော့်ခါးမှ ကျွတ်ကျပြီး ငယ်ဖေါ်ရွှေချိုး တန်းလန်းနှင့် စင်ပေါ်မှ ပြုံးဖြီးဖြီး ရှက်ရမ်း ရမ်းခဲ့သည်ဟု အဖေ က မကြာခန ပြောတတ်ပါသည်။
တမာနံ့လေးတွေ သင်းနေသော မန်းရေနံမြေ ဒေသ လမ်းမ ကြီးတလျောက် သားအဖ တွေ ညီအကိုတွေ လမ်းလျောက် ဆော့ကစား အပြေးအလွှားသွားခဲ့တာတွေ၊ နှမ်းခင်းကြီးတွေ ၊  စပါးခင်းကြီးတွေကြား သွားလာ ဆော့ကစားခဲ့တာတွေ ကိုလည်း ပြန်မြင် မှတ်မိ နေခဲ့ပါတယ်။

နောက် တတိယတန်း ကျောင်းသားအရွယ်ရောက်တော့ ၇န်ကုန်ကို ပြန်ပြောင်းလာခဲ့ရပြန်တယ်။ သုဝဏ္ဍမြို့ ကောက်လျင်လမ်း အိမ်အမှတ် ၁၇၈ အခန်း ၄ မှာ နေရပါတယ်။ အမက (၁၆) သုဝဏ္ဍမှာ ကျောင်းတက်တယ်။ ငယ်ငယ်ကတည်းက စာဖတ် သိပ်ဝါသနာ ပါတဲ့ ကျနော်ဟာ လေးငါးတန်း အရွယ်မှာပဲ သခင်အောင်ဆန်း၊ မျက်ရှု ကဗျာတွေအကြောင်း၊ ဆိုရှယ်လစ် ခေတ် နိုင်ငံရေးစာပေတွေ အကြောင်း တစေ့တစောင်း ဖတ်မိသိရှိနေပါပြီ။ ဗီဇ ကကို ပါလာခဲ့တယ် ထင်မိပါတယ်။

လူမှန်းသိတတ်စ ငါးတန်း၊ ခြောက်တန်း အရွယ် ကလေးဘ၀ ကျနော့် ပုံရိပ်တွေကတော့ ချွေးနဲ့ မောပန်းနွမ်းနယ်မှုတွေနဲ့ အပြည့်နဲ့ပေါ့လေ။ မုန့်လုံးကြီး အကြော်သည် မိခင်ကြီးအတွက် မနက် သုံးနာရီဆို ဆယ့်တစ်နှစ်သားလေး ကျနော်လည်း အိပ်ရာက ထနေရပါပြီ။ မုန့်လုံးကြီးကျော်၊ ပဲကပ်ကြော်၊ ဗယာကြော် စတာတွေကို လဘက်ရည်ဆိုင်တွေ အတွက် ဖေါက်သည်ပေးပို့ဖို့ အစောကြီး ထ ကြော်ခဲ့ရတဲ့ မိခင်အတွက် ကျနော်ဟာ နေ့စဉ်မီးမွှေး ဆီအိုးတည်၊ မုံးလုံးပေးခဲ့သူပါ။ ကျောင်းမသွားခင် အလုအယက် လမ်းတကာ့လမ်း လျောက်သွား ဗန်ဒါပင်လေးတွေက အရွက်လေးတွေကို လိုက်ခူး၊ လွယ်အိတ်တလုံးနဲ့ ပုဇွန်စာရွက်တွေ လိုက်ရှာခူး ၊ ဈေးစည်ကားချိန် ဆို မုန့် ဗန်းကို ခေါင်းမှာ ရွက် ၊ သုဝဏ္ဍ ဈေးထဲမှာ လှည့်ပတ်ပြီး မုန့်တွေ မကုန်မချင်း မုန့်လုံးကြီးကြော် ပဲကပ်ကြော် ဗယာကြော် လို့ တကြော်ကြော် အော် လိုက်ပတ်ရောင်း၊ အမေကို လုပ်ကူရင်း နေ့ခင်းဘက် ကျောင်းမသွားခင် ကသီလင်တ နေ့စဉ် ဘ၀ ရှုပ်ရှက်ခတ်စွာ ဖြတ်ခဲ့ရဖူးသူပါ။

ဒါကြောင့်မို့လည်း ထင်ပါတယ်။ ကျနော် ရိုးသားစွာ ၀မ်းစာရှာရတဲ့ ဘယ်အလုပ်ကို မဆို မရှက်မကြောက် လုပ်ရဲ လုပ်တတ်ခဲ့ပါတယ်။ ဘာကိုမှလည်း အားမနာတတ်တာ ဒါကြောင့်လည်းပါပါမယ်။

ခြောက်တန်း ကျောင်းသား ဘ၀ လည်းရောက်ရော ၊ ဆင်းရဲလွန်းတဲ့ မိဘ တို့ ဘ၀ ရပ်တည်မှုကို မကြည့်ရက်တော့တာနဲ့ ကျနော် ကျောင်းမတက်တော့ပဲ ပန်းရံ၊ မြေတူး ကြုံရာကျဘန်း လိုက်လုပ်ပြီး မိဘ လုပ်ကျွေးမယ် လို့ ဆုံးဖြတ်တာလည်းဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် ကျောင်းမှာ မနေပျော်တော့ပဲ။ ဘ၀ကို လေဆန်လှန်ချင်တဲ့ ငယ်စိတ်ကြောင့်လည်းဖြစ်မယ်။ ကျနော် ကျောင်းတက်ဖို့ ငြင်းဆန်ပြီး ကျောင်းမသွား အလုပ်တွေ လိုက်ရှာနေတာ တလကျော် ကျောင်းဖွင့်ရက်တွေ လွန်ကုန်ပါတယ်။ တေပေလေလွင့်ချင်တဲ့ လူငယ် မြီးကောင်ပေါက် တယောက်ရဲ့ ဘ၀ ပေါ် ထင်သလို ထွက်ပေါက် ရှာလိုခြင်း လုပ်ရပ်တခုပါပဲ။

အဲဒီတုန်းက ကျနော်တို့ အတန်းပိုင် ဆရာမ ဒေါ်ခင်သန်းနွယ်က ကျနော့်ကို အိမ်ထိ လာပြီး အဲဒီခေတ်က သိပ်တန်ဖိုးရှိတဲ့ ပန်းဖွားလွယ်အိတ် ပန်းရောင်လေး ကို လက်ဆောင်လာပေးပြီး ကျနော် လူပေလူဆိုးလေးကို ကျောင်းပြန်တက်ဖို့ ချော့မော့ လာခေါ်ရှာပါတယ်။ အမေ ကလည်း သူ့သား ကျနော် ကျောင်းမပျော်ကြီးကို ကျောင်းပြန်တက်ဖို့ အကြိမ်ကြိမ် နားချ သွန်သင် အတင်းကို ဆွဲတင်တွန်းပို့ပြီး ကျောင်းပြန်တက်ဖြစ်အောင် ကြိုးစားခဲ့ပါတယ်။ ဒါကြောင့်လည်း ကျနော် ဆယ်တန်းအောင် စစ်တက္ကသိုလ် တက်ဖြစ်ပြီး အခုလို ပြည်သူ့တပ်မတော်သားကြီး တယောက်ဖြစ်လာခဲ့တာပါပဲ။ ဒါကြောင့် ပညာရေး နဲ့ ပတ်သက်ပြီး ကျနော့် အတွေးအမြင်တွေကို ပြောင်းလဲတိုးတက်စေဖို့ အခြေခံကျတဲ့ ပညာရေး အဆက်မပြတ်စေဖို့ တပည့်လေးကို သွန်သင်ဆွဲဆောင် ကျောင်းပြန်တက်ချင်အောင် သူ့ လစာကိုတောင်သုံးပြီး ကျောင်းပြန်တက်စေခဲ့တဲ့ ချစ်ဆရာမကြီး ဒေါ်ခင်သန်းနွယ် ကို ကျနော် အထူး အထူး ကျေးဇူးမမေ့မိပါ။ ဒါပေမယ့် အခုထိ ဆရာမ ကို သွားရောက် မကန်တော့ဖြစ်သေးပါ။ စိတ်ထဲကတော့ မကြာမကြာ သတိရနေပါတယ်။

ကျောင်းခန်းထဲကိုလည်း လွယ်အိတ်အကြီးကြီး အလေးကြီးကိုလွယ် ကားယားကားယားနဲ့ ကျောင်းတက်လာတဲ့ ကျနော့် လွယ်အိတ်ထဲမှာ ဇီးထုပ်တွေ၊ ဇီးပြားတွေ မုန့်ပဲသားရည်စာတွေ ပါပါတယ်။ ကျောင်းသား အချင်းချင်း မုန့်ပြန်ရောင်းပြီး ရလာတဲ့ အမြတ်ကလေး ကသာ ကျနော့် တနေ့စာ မုန့်ဖိုး ဖြစ်လေတော့ ကျနော့် ငယ်ဘ၀ ဟာ ဘယ်လိုပုံ ဘယ်လို ဖြတ်သန်းခဲ့ရတယ် ဆိုတာ အကြမ်းမျဉ်းတော့ ခန့်မှန်း မိကြလောက်ပြီပေါ့။

ဒီလို ဘ၀သာ ခပ်ကြမ်းကြမ်း ဖြတ်သန်းခဲ့ဖူးပေမယ့် မိခင်ဖြစ်သူ ဒေါ်ခင်သီ ရဲ့ တင်းကြပ်တဲ့ စာရိတ္တသွန်သင် ကြီးကြပ်မှု အောက်မှာ ကျနော်တို့ ညီအကိုငါးယောက်စလုံးဟာ ရိုးရိုးကျင့် မြင့်မြင့်ကြံ ၊ ရိုးသားဖြောင့်မတ်မှုကိုသာ အလေးထား ကျင့်ကြံလိုတဲ့ စိတ်ထားတွေ ခိုင်ခိုင် ရရှိခဲ့ပါတယ်။

မတရားတာ မလုပ်၊ မဟုတ်တာဆို လက်မခံ၊ ရိုးသားစွာနဲ့ ပင်ပန်းခံကာ လောကဓံကို ရင်ဆိုင် ရဲတတ်လာတာဟာ အမေ ပေးတဲ့ အမေ့ အမွေတွေကြောင့် ပါပဲလို့ ကျနော် ကြီးပြင်းတဲ့အချိန်မှာ အလိုလို အသိအမှတ်ပြုလာပါတယ်။ အမေဟာ ရိုးသားဖြောင့်မတ်သူဖြစ်တယ်။ ပင်ပန်းဆင်းရဲစွာနဲ့ သားငါးယောက်ကို အကြော်ကြော် ကျွေးခဲ့စဉ် အမေ့ ပုံရိပ်ဟာ အညှော်တွေ ၀ ပြီး ဘယ်တော့မှ အိပ်ရေး မ၀ခဲ့တဲ့ မျက်ဝန်း ဟောက်ပက် အမေဟာ သားတွေ အရှေ့မှာတော့ အမြဲ ပြုံးရွှင်နေတတ်တဲ့ မိခင်ကောင်း စံပြအမေပါ။

ဒိလိုနဲ့ပဲ နေမျိုးဇင် ဆိုတဲ့ ကျနော်ဟာ တဖြည်းဖြည်း လူလားမြောက်ကြီးပြင်းလာပါတယ်။ စာတွေလည်း ဖတ်တတ်လာတယ်။ စာမရွေး အချိန် မရွေး တွေ့ရာ စာအုပ်ကို လက်ကမချ ဖတ်တတ်လာတဲ့ အရွယ်အထိ ကျနော်တို့ မိသားစုဟာ အလွန်ဆင်းရဲ နိမ့်ကျနေဆဲဖြစ်ပါတယ်။ ကျောင်းသွားမုန့်ဖိုးဆိုလို့ ငါးပြား လောက်သာ ရခဲ့ဖူးပါတယ်။ တခါ တလေ မုန့်ဖိုးမရပဲ မန်ကျည်းစေ့ တထုပ်သာ ရခဲ့တာလည်း မှတ်မိပါတယ်။

ကျနော့် မေမေ ဒေါ်ခင်သီနဲ့ ကျနော့် ဖွားဖွား ( အမေ့ အမေ) ဒေါ်မြား ခင် တို့က ဗိုလ်လောင်း ပထမနှစ် ဒေါက်တင်ပွဲမှာ ကျနော် နေမျိုးဇင် ပုခုံးပေါ်ကို ဒေါက်တင်ပေးနေကြပုံဖြစ်ပါတယ်။


ကျနော် တို့ ရိုးသားမှုကို တန်ဖိုးထားရကောင်းမှန်း အဲဒီ လို ငယ်စဉ် အရွယ် ကလေးဘ၀ အရွယ်ကတည်း က သိမြင်နားလည်အောင် လုပ်ပေးခဲ့တဲ့ ကျေးဇူးရှင် ဟာ ကျနော့် အမေ ဒေါ်ခင်သီ ပဲဖြစ်ပါတယ်။ ဒါကြောင့် ကျနော် ညစဉ် အိပ်ဖြောင့်အောင် မသိစိတ်မှာပါ ရိုးသားခြင်းဖြင့် နေတတ်အောင် သွန်သင်ဆုံးမ ဦးဆောင်ပြခဲ့တဲ့ ကျနော့် အမေ ဟာ ကျနော့် ဘ၀ အတွက် မွေး၊ ကျွေး၊ အလင်းပေးခဲ့တဲ့ တကယ့် ကျေးဇူးရှင် အစစ်သာဖြစ်ပါတော့တယ်။

အပိုင်း (က ) အဖြစ် ခါးနာ အနည်းငယ် သက်သာခိုက် ကမန်းကတန်း ရေးတင်လိုက်ပါတယ်။

သူ့ကြောင့်

ဓါတ်မှန် တွင် ယခုလို တွေ့ရသည်။ ကျနော့်ကို နှစ်နှစ် နီးပါးမျှ တရှောင်ရှောင်နှင့် အခန့်မသင့်သည့် အခါတိုင်း နာလာသည့် ခါးဆစ်ပြသနာ အဖြေက ဒီမှာလာပေါ်သည်။ ခါးဆစ် အရွတ်တခုက ကျွံထွက်နေပြီ။ အာရုံကြောကို သွားဖိမိနေသည်။ အနည်းငယ် ဒါဏ်ဖြစ်တိုင်း၊ အလေး အပင် တခုခု မ မိတိုင်း၊ သို့မဟုတ် ခါးဆောင့်မိသည့် အခါတိုင်း အနည်းဆုံး သုံးရက် လုံးလုံး အိပ်မရ ထိုင်မရ နာကျင် ကိုက်ခဲနေသည်မှာ ယခု ဓါတ်မှန်ပါ အဖြေအရ ၊ ဖြစ်သည်။

ဇရာ ကလည်း စကားပြောလာပေပြီ၊ အသက်၃၇ ဆိုသည်မှာ ငယ်တော့သည် မဟုတ်ပါ။ အသက် လေးဆယ်တန်းနားပင် ကျနော် ကပ်လာချေပြီကော။ တိုင်းပြည်အတွက် အလုပ်လုပ်ချိန် အတော်ပင် နည်းနေလေပေပြီ။

ကြိုးစားရန် အချိန် အနည်းငယ်သာ ကျန်တော့သည်ဟု မှတ်ယူပြီး အလုပ် လောဘ ကြီးမိသည့် ဒါဏ်များကြောင့် ယခုလို ခါးဆစ်ဝေဒနာ မကျက်နိုင် မပျောက်နိုင်ဖြစ်ရသည်။ ထိန်းသိမ်းဆင်ခြင် တုံတရားဖြင့် အသက် ဥာဏ်စောင့်မှ ရတော့မည်။

ယခု ရက်ပိုင်းအတွင်း ကျနော့် ဘာလော့ခ် လေးကို အသက်ပြန်သွင်းပါမည်။ စာများ ဆက်ရေးပါမည်။

အထူး သဖြင့် ထောင်တွင်း အတွေ့အကြုံများနှင့် ကျနော့် စစ်သားဘ၀ အမှတ်တရ ပုံရိပ်များကို ပြန်ဖေါ်ချင်ပါသည်။


Wednesday, August 15, 2012

စဉ်ခါလ လေ စဉ်ခါလ

ကျနော် လွန်ခဲ့သော သုံးလခန့်က ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ် အတွင်းမှ ရွာကြီးများဆီ တောင်သူလယ်သမားများ လယ်မြေပျက်စီး၊ စီးပွားပျက် ဘေးဒုက္ခများကို အားပေးစကားပြောကြား ဖြေရှင်းချည်းကပ်နည်းများ လေ့လာဖို့ သွားရောက်ခဲ့ဖူးတယ်။

တောင်သူလယ်သမားများနဲ့ တွေ့ဆုံပြီး သူတို့ဘ၀ ဘေးဘယ များ၊ ရင်ဖွင့်ချက်များ၊ နားထောင်ပြီး လယ်သမားကြီး များဘ၀ ကို အတော်စာနာသနားမိသည်။
လယ်သမားကြီး တွေက သူ့တို့ လယ်များ ဆားငန်ရေ ၀င်ပြီး လယ်တွေပျက်သည်။

 သို့နှင့် စပါးမစိုက်နိုင်၊ စားရေး ခက်မည်စိုးသောကြောင့် ၀က်များကို ရပ်ရွာငွေတိုးပေး သမားထံမှ ချေးငွေဖြင့် ချေးပြီး မွေးသည်။ ထိုနှစ်တွင် ၀က်နားရွက်ပြာ ရောဂါများဖြစ်ပြီး၊ ၀က်တွေ သေကုန်သည်။
မကြာမှီ ချေးငွေရှင်က ငွေပြန်တောင်းသည်။

 တောင်သူတို့တွင် ပေးစရာ အိမ်မွေးခိုင်းနွားမှ လွဲပြီး၊ ဘာမှ မရှိတော့။ ပိုင်ဆိုင်သမျှ ဒီငယ်မွေး ခြံပေါက် နွားကြီးတွေပဲ ရှိသည်။  အကြွေးရှင်ကလည်း မပေးလျင် ရဲတိုင်မည်၊ ဖမ်းချုပ်မည်၊ တရားစွဲမည်၊ ခြိမ်းခြောက်ချက်က ပြင်းထန်လွန်းတော့ ငယ်ငယ်ကတည်းက လည်ပင်းဖက်ပြီး ကြီးလာသည့် သားသမီး သဖွယ် ခင်တွယ်ချစ်ခင်လှသော ခိုင်းနွားကြီးကို နွားသတ် ကုလား ထံသို့ သူတို့ ပေးသမျှ ဈေးဖြင့် ရောင်းရတော့သည်။
နွားသတ် ကုလားက သားချင်းတမျှ ချစ်ခင်လှသော သူတို့ ခိုင်းနွားကြီးကို နှာချည်ကြိုးမှ ဆွဲခေါ်သွားချိန် သားသမီး သဖွယ်ဖြစ်နေသည့် နွားကြီးက မျက်ရည်တွေ စီးကျသည်တဲ့။

 တောင်သူလယ်သမားကြီးက သူ့သားလိုခင်တွယ်နေတဲ့ ခိုင်းနွားကြီးကို ကြည့်ပြီး သူလည်း ငိုချလိုက်တဲ့ အကြောင်း ၊ တောင်သူတွေ ဆိုတာ သူတို့ ခိုင်းနွားတွေကို သားသမီးလိုပဲ သဘောထားတဲ့ အကြောင်း၊ သံယောဇဉ် အင်မတန် တွယ်တာတတ်တဲ့ အကြောင်း များကို ၀မ်းနည်းလွန်း၍ နီရဲနေသော မျက်ဝန်းကြီးများဖြင့် ကျနော့်ကို ရှင်းပြသည်။

အခု တိုင်းပြည်မှာ ရာသီတွေဖေါက်ပြန်၊ ရောဂါဆန်းတွေဖြစ်၊ စီးပွားတွေပျက် တောင်သူတွေ ဘ၀ပျက်ပြီး၊ ကြွေးပူမနေနိုင်ဖြစ်လာတဲ့ အခါမှာ ရင်ဝယ်သားကဲ့သို့ ချစ်ရတဲ့ သူတို့ရဲ့ နောက်ဆုံးပိုင်ဆိုင်မှုဖြစ်ရာ ခိုင်းနွားကြီးကို သားသတ်သမားလက်သို့ ငိုကြွေးပြီး ပေးအပ်ခဲ့ရပုံများကို  ငိုရှိုက်သံများနှင့် အတူ အင်မတန်ဝမ်းနည်းစွာ ဖြင့် ကျနော့်ကို ပြောပြတော့ ကျနော် သနား ဂရုဏာသက်မိပါသည်။

သို့သော် တောင်သူလယ်သမားကြီး ရဲ့ သားသမီးသဖွယ် ချစ်ခင်တဲ့ ခိုင်းနွားကြီးကို သားသတ်သမားလက်သို့ အပ်နှံချိန် သူခံစားရတဲ့ အင်မတန် ၀မ်းနည်းစဖွယ် ခံစားချက်မျိုးကို အဲဒီ အချိန်တုန်းက ထပ်တူနီးပါးမျှ ကိုယ်ချင်းစာခြင်း မခံစားမိပါ။ ကျနော်မှ တောင်သူလယ်သမား မဟုတ်ပဲကိုး။ သားသမီးလို ချစ်ခင်ရတဲ့ ခိုင်းနွားမှ မရှိဖူးပဲကိုး ..................................................................။

ယနေ့ ကျနော် ငိုင်နေမိပါသည်။

ခိုင်းနွားကြီးကို သားသတ်သမား လက်သို့ အပ်လိုက်ရသည့် တောင်သူကြီး ဘာကြောင့်ငိုသည် ဆိုတာ ကနေ့ ကျနော် တွေးမိသည်။ ကိုယ်ချင်းစာ မိပါပြီ .......................။

လွန်ခဲ့သော လေးနှစ် သြဂုတ်လ (၈) ၂၀၁၀  မှာ  ကျနော်ဟာ တပ်မတော် က လေလံပစ်တဲ့ မာဇဒါဂျစ်လေး တစီးကို သွားပြီး လေလံဆွဲဝယ်ယူခဲ့ပါတယ်။ နိုင်ငံခြားမှာ အဲဒီ အချိန်တုန်းက အလုပ်လုပ်နေတဲ့ ညီလေးတွေ ဆီက ချေးငွေရယ် ကျနော် ရိုးသားဖြောင့်မတ်စွာ ယာဉ်ကြီးမောင်း လုပ်သား အဖြစ်နဲ့ စင်ကာပူမှာ ကားမောင်းစားခဲ့တဲ့ ငွေလေးရယ်။ မြန်မာပြည်မှာ အင်တာနက် ဆိုင်လေး ဖွင့်ပြီး ကျစ်ကုတ် စုဆောင်းထားတဲ့ ငွေလေးတွေရယ် ပေါင်းပြီး ၊ ဒီကားလေးကို အိမ်နားက ခြံလေး တခြံမှာ ဘော်ဒီဆရာ တဦးနဲ့ အတူ ကိုယ်တိုင် ၀င်လုပ်၊ ၀ရိန်ဆော်၊ ကိုယ်တိုင် ဆေးမှုတ်ပြီး ကားလေးကို ပြန်ပြင်သည်။ စုစုပေါင်း အဲဒီ ခေတ် ကုန်ကျဈေးနှုန်း သိန်း ၇၀ ခန့်ကျသွားသည်။ လိုသော ငွေများကို ညီလေး ထံမှ ခဏယူထားသည်။ ညီလေးကလည်း အိမ်မှာ မိဘများ အရေးအရာ ကျန်းမာရေး အကြောင်းဖြစ်ခဲ့သော် ညရေးညတာ သွားလာမှု လွယ်ကူစေရန် အိမ်သုံးကား တစီးရှိစေချင်တဲ့ စိတ်ကူးနဲ့ လေလံမာဇဒါ ဂျစ်ကားလေး ငြင်ဆင်ဖို့ ကျနော်လိုအပ်တဲ့ ငွေ သိန်းငါးဆယ်ကို ခဏ စိုက်ထုတ်သုံးနိုင်ရန် ပို့ပေးထားရှာပါတယ်။
ဒါနဲ့ပဲ ကျနော်ဟာ ကိုယ်ပိုင်ငွေ တချို့တ၀က်သာပါတဲ့ ကားလေး တစီးကို မောင်းနှင်နိုင်ခဲ့ပါတယ်။
တပ်ထဲမှာနေစဉ်ကလည်း ဘာမှ အပိုငွေ မရဖူးခဲ့ တပ်က ထွက်လာတော့လည်း ဘာမှ မပါလာ။ သားတယောက် မယားတယောက် အိပ်ရာလိပ်တခုနဲ့ တပ်ကထွက်လာခဲ့တဲ့ကျနော် ဘယ်လို ငွေကြေး အပိုမှ မရှိခဲ့။
စင်ကာပူမှာ ကုန်တင်ကား သွားမောင်းလို့ ရတဲ့ လခကနေ စုမိတာလေးကလည်း ပြောပလောက်အောင် မဟုတ်။
အခု ညီအကိုတွေ ခနစိုက်ထုတ်ပေးထားလို့ ၀ယ်ထားလိုက်နိုင်တဲ့ ၂ဂ/၁၂၄၆  မာဇဒါဂျစ်လေးဟာ စတင်ပြီး ကားလမ်းပေါ် မောင်းထွက်နိုင်ကတည်းက တိုင်းပြည် ၀န်တွေကို စထမ်းရတာပါပဲ။ ဦးဆုံး ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်တာကို  ယာယီနံပတ်လေးနဲ့ သွားကြိုခဲ့တယ်။ မိန့်ခွန်းပြောတဲ့နေ့ရော၊ တောင်ဒဂုံ ဒေါ်ဖြူဖြူသင်း ဂေဟာ ဆီကို လာပြီး မိန့်ခွန်းပြောစဉ်မှာပါ ဒီကားလေးက ရှေ့ပြေး အမေစုကို ကြိုလာတယ်။ နောက်ပိုင်းမှာ ကျနော်တို့ လူငယ်တွေ BG သွေးအကူအညီပေးရေး ဆိုပြီး ဆေးရုံတကာ့  ဆေးရုံ သွေးလိုက်လှူတော့လည်း ဒီကားလေးပါပဲ။ မင်္ဂလာဒုံ စစ်ဆေးရုံက လွဲပြီး ရန်ကုန်ထဲမှာ ရှိတဲ့ဆေးရုံမှန် သမျှ ဒီကားလေး မရောက်ဖူးတာ မရှိ။ ဒီကြားထဲ့ အန်တီစု လမ်းကြောင်းရှေ့ပြေးကား ပျက်တဲ့ အချိန်ဆိုရင် ဒီကားလေးက အန်တီ့ရှေ့ပြေးကား အဖြစ် ကျနော်တို့ လူငယ်တွေက တာဝန်သိသိနဲ့ ကူညီခဲ့တယ်။ အားလုံး မိမိတို့ ရှိတာနဲ့ပဲ ၀ိုင်းကူညီခဲ့တာပါ။
ဒါနဲ့ပဲ ဘီဂျီ သွေးအကူအညီပေးရေး အဖွဲ့သားတွေ တနိုင်ငံလုံး အနှံ့ အဖွဲ့ခွဲတွေ ဖြစ်လာတဲ့ အထိ ဘီဂျီက အောင်မြင်ခဲ့တယ်။
ဗိုလ်ချုပ်ပုံတွေ အမေစုပုံတွေ ကားမှာကပ်လို့ ၂၀၁၀ ၀န်းကျင်မှာ ကျနော်တို့ ရန်ကုန် တိုင်း တခွင်၊ မကွေး၊ တိုက်ကြီး၊ပဲခူး  တခွင် စည်းရုံးရေး သွားခဲ့တာလည်း ဒီကားလေးနဲ့ပါပဲ။

စိုင်းထီးဆိုင်က ဘီးနံပတ် အိုကေ သုံည တစ်နှစ်နှစ် အယ်လ် တဲ့ ။ ကျနော်က ကားနံပတ် ၂ဂ/၁၂၄၆ မာဇဒါပေါ့။

အခု ထောင်က လွတ်ပြီး  နောက်ပိုင်းမှာလည်း မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက် အနေနဲ့ ကျနော် လူထု အကျိုးပြု လုပ်ငန်းတွေ အရှိန်အဟုန်နဲ့ လုပ်နိုင်အောင် ဒီကားလေးကပဲ လိုရာ လိုက်ပို့ခဲ့တယ်။ တိုင်းရင်းသား စစ်ဘေးသင့် ဒေသ အကူညီ ဖျော်ဖြေရေး ရန်ပုံငွေ တွေကို လည်း ဒီကားလေးနဲ့ပဲ ရှာခဲ့တယ်။ ဖျော်ဖြေရေး ခရီးစဉ် အတွက် သူတပါး ကားကို ငှားရင် တခေါက်သွားတိုင်း သိန်း ဂဏန်းမက ပေးရမှာကို ဒီကားလေးနဲ့ သွားတဲ့ အတွက် ကားငှါးခပေါင်း များစွာ ကို တိုင်းရင်းသားတွေ အတွက် သူက သက်သာရာ ရစေခဲ့တယ်။ သုံးခွခရမ်းမြို့ထိလည်း အကြိမ်ကြိမ်သွားခဲ့တာ ဒီကားလေးပဲ။ အမေစု နယ်ခရီးစဉ် ကော့မှူးကို သွားတော့လည်း ဒါလေးနဲ့ပဲ လိုက်ပါစောင့်ရှောက်ခဲ့တယ်။ သူနဲ့ ကျနော် နေ့တိုင်းနီးပါး ခရီးတွေ အတူသွားခဲ့တယ်။ သံယောဇဉ်ဖြစ်တာပေါ့။

ဒါပေမယ့် လည်း မနက်ဖြန် ဆိုရင်တော့ တောင်သူလယ်သမားကြီး မျက်ရည်ဝိုင်း သလို ကျနော် တော့ မ၀ိုင်းလောက်ပါဘူး။ ရင်ထဲမှာတော့ ဟာတာ ဖြစ်ကျန်ခဲ့တော့မှာပါ။

ကျနော့် ညီလေးခမျာလည်း သုံးနှစ်ကျော်လောက် သိန်းငါးဆယ်ကို ရင်းပြီး ကျနော့်ကို ကူညီပေးခဲ့ရှာတာ။ အတိုးမဲ့ပေးထားရတာပါ။ ကျနော်ကလည်း ဒီကားလေးနဲ့  လူထု ကောင်းကျိုး သယ်ပိုးနေတာကို သူလည်း သိနေတာပဲလေ။ ဒီနှစ်တော့ သူလည်း မြန်မာပြည် ပြန်လာပြီ။ လိုအပ်မယ့် လုပ်ငန်းတွေလုပ်ဖို့ အရင်းအနှီးကလည်း လိုလာပြီ။ ကျနော့်မှာလည်း တခြား အပိုငွေ ရှာချိန်က မရခဲ့ ဆိုတော့ သူ့ငွေကို ပြန်ပေးဖို့ရာ ဒီကားလေးကို ရောင်းပြီး ပေးမှ ရမယ်။

အခု ဒီနေ့ ညနေမှာ ကားဝယ်သမားတွေက စပေါ်ငွေ ငါးသိန်းလာပေးသွားပြီ။ ယနေ့ ပေါက်ဈေးနဲ့ မာဇဒါဂျစ်ကားလေး ၂ဂ/၁၂၄၆ ကို  ၅၄ သိန်း ပေးပါတယ်။ စုစုပေါင်း သိန်း ၇၀ ကျော်ကုန်ထားခဲ့တဲ့ အတွက် ကျနော်တို့ သိန်း ၂၀လောက် ရှုံးပါတယ်။ အခု ကားရောင်းပြီး ညီလေးကို အကြွေးဆပ်လိုက်တာ ကျနော့် ကိုယ်ပိုင် အဖြစ် ကျပ် လေးသိန်း တိတိ ရပါမယ်။ လေးသိန်းနဲ့ ကျနော် စက်ဘီး တစင်း ၀ယ်ဖို့ စီစဉ်ပါမယ်။ ကား မရှိလည်း စက်ဘီးနဲ့ လူထုကို အကျိုးပြုလို့ ရသေးတာပါပဲ။ 

 ခေတ်စနစ်ကိုက ကားဈေးတွေ ကျကုန်တော့ ကျနော်တို့လို အောက်ခြေလူတန်းစားမှာ အရှုံးပြတဲ့ သိန်း ၂၀ ဟာ တကယ်ဆို မနည်းပါဘူး။  ဒါပေမယ့်လည်း တိုင်းပြည်အတွက် ကျနော်တို့နိုင်တဲ့ နေရာကနေ အကူအပံ့ဖြစ်အောင် ဒီကားလေးကို သုံးခွင့် ရလိုက်တာကိုပဲ အမြတ်လို့ သဘောပိုက်လိုက်ပါတယ်။

မနက်ဖြန်ဆို ကားလေးကို သူတို့ အပြီးအပိုင်လာယူသွားပါတော့မယ်။
အထူး သတင်းတပ်ဖွဲ့က လာဖမ်းချိန် ဒီကားလေးနဲ့ပဲ ကျနော် ပါသွားခဲ့တယ်။ ထောင်ကလွတ်တော့မှ ပြန်တွေ့ခဲ့ရတဲ့ ဒီကားလေးကို မနက်ဖြန်ဆို ကျနော် မြင်ရတော့မည် မဟုတ်။ မိတ်ဆွေ သူငယ်ချင်းများကိုလည်း ဒီကားလေး ရောင်းဖို့ပြင်နေတာကို အသိမပေးရက်ပါ။ 

ငုံးဆူ လူမသိပါ။

အခုတော့ ကျနော့်မှာ ပေါ့ပါးစွာ သွားလာနိုင်စွမ်း မရှိတော့။ ခါးနာရောဂါကလည်း သက်သာပျောက်ကင်းခြင်း အလျင်း မရှိသေးသည်မို့ ဘတ်စ်ကားလည်း အချိန်မရွေး တိုးစီးခြင်း မပြုနိုင်။ တက်စ်က်စီ ကားလည်း ငှားစီးနိုင်မည် မဟုတ်။ ဒါကြောင့် အခမ်းအနားဖိတ်သူများ ကိုလည်း အားနာစွာဖြင့် ငြင်းရတော့မည်။ လူထု အကျိုးပြုလုပ်ဆောင်စရာများ အတွက်တော့ အကောင်းဘက်က လှည့်တွေးထားပါသည်။အများ အကျိုးပြု အလုပ်ကို ခါတိုင်းကဲ့သို့ တရစပ် သွားနိုင်လာနိုင် လုပ်နိုင်ရေး အတွက်သာ မဖြစ်မနေ သွားနိုင်တော့မည်။ အပျော်အပါး အခမ်းအနားများ တက်ဖို့ရာမူ အခြေအနေအရ လောလောဆယ် ကျနော် မဖြစ်နိုင်တော့။

 အများသူငှာ လှူဒါန်းငွေဖြင့် စရိတ်ကုန်ကျလွန်းသည့် ကားငှားပြီး တောရွာကျေးလက် အနှံ့ ကျနော် သွားဖို့ရန်လည်း မလွယ်တော့သည်မို့ ရှေ့ဆက်ပြီး ဖြစ်သလိုတော့ စခန်းသွားရပေတော့မည်။ 

ဘတ်စ်ကားတလှည့် ကားကြုံတခါ ကြုံရာဖြင့်တော့ ဆက်သွားနေရပေတော့မည်။
ဒီစာရေးရင်း အမှောင်ထု မီးပျက်နေသည့် ယခုည အိမ်ဘေးတွင် ရပ်ထားသည့် ကားလေးကို လှမ်းငေးကြည့်မိပါသည်။
သူသည်ကား ကျနော့်လက်တွင်းတွင် သက်မဲ့ဖြစ်ပေငြား တိုင်းပြည် တာဝန် ကို နိုင်သလောက် ကျေပွန်စွာ ထမ်းသွားခဲ့ပေပြီ။ သက်ရှိဖြစ်သော ကျနော်သာ ကိုယ့်စွမ်းကိုယ့်အားဖြင့် ရအောင် ဆက်ရုန်းဖို့ ကျန်တော့သည် ။
စိတ်ပူမိသည်မှာ တခုပဲ ရှိသည်။ လူကောင်း ပကတိမဖြစ်သေးသော မိမိကျန်းမာရေးကြောင့် ယခင်လို စိတ်သွားတိုင်း ကိုယ်ပါဖို့ ခဲ့ယဉ်းသွားသော ဘ၀ကို အလိုမကျတော့ ဖြစ်မိသည် ။
ဒါပေမယ့် ကျနော် ဘယ်တော့မှ စိတ်ဓါတ်ကျမည် မဟုတ်ပါ။ မရှိသည့် ဘ၀မှ လာခဲ့သူဖြစ်သည် ။ ရှိသည့် အရာနှင့် ဖြစ်အောင် ကျနော် ဆက်လက် ကြိုးစားသွားမည်ဖြစ်ပါသည်။ ပရဟိတဖွံ့ဖြိုးရေး ဆိုဒ် ဖြစ်သည့် ကျနော့်  ဖေ့စ်ဘွတ်မှာ မတင်ပဲ ကိုယ်ပိုင် ဘလော့မှာ တင်ပြရသည်က ကျနော့် မိတ်ဆွေများ ရန်ကုန်ထဲတွင် ဒီကားလေးကို တွေ့ပြီး ကျနော်မှတ်ထင်ကာ လိုက်ရှာနေကြမည် စိုးသောကြောင့် ရင်ဖွင့်စကား အနေဖြင့်သာ ဘလော့တွင် တင်ပြလိုက်ပါသည်။

နောက်ဆုံးတော့ ကျနော် လောကဓံ ခပ်ကြမ်းကြမ်းတွေ ရင်ဆိုင် တွေ့ကြုံရသည့် အခါတိုင်း နောက်သလို ပြောင်သလိုဖြင့် ကိုယ့်ဘာသာ ညည်းဆိုမိသည့် စကားတခွန်း ဖြင့်သာ ကိုယ့်ဘာသာ ချွှေးသိပ်လိုက်ပါသည် ။

သြော် စင်ခါလ လေ စင်ခါလ။

တရုတ်ကြီးတယောက် က မပီကလာ ပီကလာဖြင့် လောက ရဲ့မမြဲသော သဘောကို တရားနှလုံးသွင်း ရှုမှတ်ချိန်မှာ ယခုလို ပြောပါသည်တဲ့ ။ သူကား စကား မပီသောကြောင့် သင်္ခါရ ကို စင်ခါလ ဟု ထွက်သည်တဲ့။

သြော် စင်ခါလ လေ စင်ခါလ။

ကျနော်ကတော့ ကောင်းကင်ပြာဆီ ဦးခေါင်းမော့ပြီး ကြုံလာသမျှ လောကဓံကို ခါးစောင်းတင်နေအုံးမည်ဖြစ်ပါသည်။
ပရဟိတ အသင်းအဖွဲ့တွေ ထောင်ပြီး ခါမှ ကိုယ်ပိုင်ကားကောင်းကြီးတွေ တချို့ စီးသွားနိုင်သည်။ ဆိုင်ကယ်တွေ အိမ်တွေ ၀ယ်သွားနိုင်သည်။
ကျနော်ကတော့ ခေတ်ရေစီးကို ဆန် ၊ စနစ်ဟောင်းကို လှန်ချင်သူမို့။ ပရဟိတ နိုင်ငံရေး နယ်ပယ် ၀င်ခါမှ ရှိတာတွေလည်း ပြောင်၊ စီးပွားလည်း ပျက်မတတ်၊ ကားစီးနိုင်ခဲ့သော ဘ၀မှ ဘတ်စ်ကားတိုးစီးကာ ဆက်လုပ်အုံးမည်။ ကားမရှိတော့သောကြောင့် ဘတ်စ်ကား တိုးစီး ကားမှတ်တိုင်တွင် တမေ့တမောစောင့်ရင်းဖြင့် တန်ဖိုးရှိသော ကိုယ်ပိုင် အချိန် အနည်းငယ် ပိုကုန်တော့မည်။ ကောင်းသည်။ ကျနော် မှတ်တိုင်တွင် ထိုင်စောင့်ရင်း စာတွေ ထိုင်ရေးဖို့ အချိန်တွေ သုံးနိုင်ပါလိမ့်မည်။ ဘာတွေ ဘယ်လိုပဲ ဖြစ်ဖြစ် အကောင်းကိုမြင်ကာ ရသလောက် အခွင့်အလမ်းဖြင့် အကျိုးရှိနိုင်အောင်သာ သုံးတတ်ဖို့ လိုပါသည်။ ဘယ်လို အခက်အခဲ ကြုံလာကြုံလာ ဇွဲမလျော့ပဲ ဆက်လုပ်နိုင်ဖို့သာ လိုပါသည်။ ကျနော်တို့ တိုင်းပြည်တည်ဆောက်ရေးမှာ အခက်အခဲပေါင်းများစွာ စွန့်လွှတ်မှုပေါင်းများစွာ လိုနေသေးသည်မဟုတ်ပါလား။ 
ကျနော့်တွင် ခြေထောက် နှစ်ချောင်း ကျန်ပါသေးသည်။ အကယ်လို့ ခါးဆစ် ရောဂါ ပြန်ဖြစ်လို့ လမ်းကောင်းကောင်း မလျောက်နိုင်တော့သည် ထားအုံး ချိုင်းထောက် နှစ်ချောင်း အဆင်သင့် ရှိနေပါသေးသည်။ 


မနက်ဖြန် ကားဝယ်သမားများ ကားလေးကို မောင်းယူသွားချိန်တွင်  သက်ရှိလူသား တိုင်းပြည်နှင့် နိုင်ငံအတွက် ဘာကောင်းကျိုးမှ မပြုခဲ့သော လူနိုင်ငံသားများထက် စာလျှင် တိုင်းပြည်အတွက် ဥာဉ်ကောင်းဘေးကင်း အရာရာချောမွေ့စွာဖြင့်  သယ်ပိုးပေးနိုင်ခဲ့သည့် သက်မဲ့ဖြစ်သော ဒီ မာဇဒါဂျစ် ကားလေးကို ကျနော် အလေးပြုလျက် နှုတ်ဆက်လိုက်ပါမည်။


 နေမျိုးဇင်
၂၀၁၂ ခုနှစ် သြဂုတ်လ ၁၅ ရက်။ ည ဆယ်နာရီ

Tuesday, July 31, 2012

ညီတိုးငြိမ်း အမည်ခံ နေမျိုးဇင် ဒီဘလော့လေးမှာ စာမရေးဖြစ်သည်မှာ ကြာလေပြီ၊
မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက် အမည်နဲ့ လူမှုဖွံ့ဖြိုးတိုးတက်ရေး ပရဟိတ အလုပ်တွေ၊ နယ်မြို့တွေ အတွက် လုပ်။

အာဏာရှင် စနစ်ကနေ ဒီမိုကရေစီ စနစ်ဆီ ဦးတည်ချီတက်ဖို့ တိုင်းပြည်တွင်း ပြုပြင်ပြောင်းလဲရေး အလုပ်တွေ နိုင်ရာသန်ရာ အခွင့်ကြုံရာတွေကို တတ်နိုင်သလောက် လုပ်နေရင်းနဲ့ နေ့တွေ ညတွေ ဟာ တဖြောဖြော ကုန်သွားပါလေရော ........။
အထက်က ပုံမှာ တွေ့တဲ့အတိုင်းပါပဲ။ သုံးခွမြို့နယ်ထဲက ပင်လယ်ကမ်းစပ် ရွာတွေဆီမှာ တူးဖေါ်လှူဒါန်းပေးထားတဲ့ စက်ရေတွင်း တွေ အတွက် ဖိုင်ဘာရေတိုင်ကီကြီးတွေ လှေနဲ့သယ်သွားဖို့ လုပ်နေတဲ့ အခိုက် အမှတ်တရ ပုံလေးပါ။

မနက် အိပ်ရာ နိုး မျက်လုံး အပွင့်မှသည် အိပ်ရာဝင်ချိန်ကြား မျက်ခွံ အမှိတ်ဟာ ခနလေးလိုလို ပါပဲ။ ကသုတ်ကရက် အိမ်အလုပ်တွေလုပ် ကွန်ယက် ဆိုင်ရာ  အလှူ အကူ၊ ဖွဲ့စည်းရေး ချိတ်ဆက်ရေး၊ ဧည့်သည်တွေ့၊ ဒီကြားထဲ စာလေး ကလည်း ရေးချင်၊ ဖေ့စ်ဘွတ်မှာလည်း နေ့စဉ် လှုပ်ရှားမှုလေး မပျက်မကွက် တင်ပြချင်၊ အင်တာနက်ကွန်နက်ရှင် ရတုန်းလေး အားချင်း တင်၊ စာသတင်းလေး အပြေးအလွှားဖတ်၊ သားငယ်နဲ့ ကလည်း အချိန်ပေး ဆော့ကစားချင်။ ဟင်း  ....... တနေကုန်သွားတာ မြန်လိုက်တာ။
ထောင်က လွတ်ပြီးနောက်ပိုင်း အများအကျိုးပြု အလုပ်တွေ အတော်လေး လုပ်ဖြစ်ပါတယ်။ သုံးခွမြို့နယ် အတွက် သောက်ရေ ရှားပါးမှု နှစ်စဉ်ဖြစ်နေကျ ပြသနာကြီးကို နိုင်သလောက် ၀ိုင်းကူလှူဒါန်းရေး လှုံ့ဆော်ပေးလိုက်တယ်။ ကိုယ်တိုင်လည်း ကြပ်မတ်ပြီး သွားလှူတယ်။ ပြည်တွင်းပြည်ပက စေတနာရှင်တွေ ပေးပို့ သမျှကို အတတ်နိုင်ဆုံး ထိရောက်အောင် အသုံးပြု လှူဒါန်းပေးတယ်။
စက်ရေတွင်းပေါင်း ၁၁ တွင်း တူးဖေါ်ပေးခဲ့ရာမှာ ခြောက်တွင်းသာ သောက်ေ၇ချို အဆင့် ထွက်ရှိခဲ့ပြီး၊ ကျန်တဲ့ ငါးတွင်းကတော့ ရေငန်သွားတာရယ်။ ရေချိုထွက်ပေမယ့် ရေထွက်နည်းလွန်းပြီး စက်သုံးဆီနဲ့ ထွက်သော ရေ မကာမိလို့ မသုံးဖြစ်တဲ့ တွင်းတွေနဲ့ ဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ဝန်ခံပါတယ်။ ဒါပေမယ့် ဒီ ဆုံးရှုံးသွားတယ် ဆိုတဲ့ စက်ရေတွင်းတွေဟာ အများပြည်သူ လှုဒါန်းငွေကို ကိုယ်ကျိုးအတွက် အလွဲသုံးစား လုပ်မိလို့ ဆုံှးရှုံးသွားတာမျိုး မဟုတ်ပါ။ ပြည်သူလူထု အတွက် ရှားပါးငတ်မွတ်နေတဲ့ သောက်သုံးရေ ၊ မြေအောက်ရေ ရရှိပေါ်ထွက်စေချင်လို့ စမ်းမှန်းရမ်းသမ်းပြီး ခန့်မှန်းရှာဖွေ တူးဖေါ်ပေးကြည့်တာပါပဲ။ ထွက်ရှိလာတဲ့ ရေက အငန်ဓါတ်ပါနေလို့ သုံးမရဖြစ်သွားတာတော့ မိမိတို့ မတတ်နိုင်ပါ။

စိတ်မကောင်းစွာနဲ့ပဲ အဲဒီရွာတွေကို ထားခဲ့ရပြီး၊ အနီးဆုံး တခြား ရွာတရွာမှာ ထပ်မံ ကြိုးစားပြီး သောက်ရေချို ထွက်လာအောင် အနီးအနား ရွာတွေက လာရောက်ခပ်ယူ သုံးစွဲနိုင်အောင် လုပ်ပေးယုံပဲ တတ်နိုင်ပါတော့တယ်။

အခု သြဂတ်လဆန်းမှာ ခရမ်းမြို့နယ် အတွင်းက ရွာတရွာမှာ စက်ရေတွင်း အသစ် တတွင်းကို တူးဖေါ်ဖို့ စတင်ပါမယ်။

ပုံက  အခု နောက်ဆုံး သုံးခွမြို့နယ် အတွင်း လှူဒါန်းပြီးစီးသွားတဲ့ စက်ရေတွင်းများ အခြေပြ မြေပုံဖြစ်ပါတယ်။
အလှူရှင် မိတ်ဆွေများရဲ့ အကူ အလှူကို လိုအပ်တဲ့ မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ အသုံးပြုနေပါတယ်။
ဒါပေမယ့် အစစအရာရာ ပျက်စီးယိုယွင်းနေတဲ့ ကျနော်တို့ နိုင်ငံမှာ လုပ်စရာ ၊ ပြင်ဆင်စရာ၊ ဦးဆောင်  စံနမူနာပြသဖွယ်ရာ၊ တိုက်ဖျက်ဆန့်ကျင်ဖွယ်ရာ၊
ဦးစားပေး တည်ဆောက်ဖွယ်ရာ၊ ဖြိုချအစားထိုး လဲလှယ်ဖွယ်ရာ၊ ပြုပြင်ပြောင်းလဲစရာတွေက ရွှေခြည်ငွေခြည်တန်းသည့်နှယ် များလှပါပေသည်။
နိုင်ငံကို အလွန်ပင် ကောင်းမွန် တိုးတက်လုံခြုံစေလိုသောသူ အနေဖြင့် မြင်သမျှ ဘ၀င်မကျစရာတွေက များလှပေသည်။
ဘတ်စ်ကား စီးလျှင် စပါယ်ယာများ ရိုင်းပြပုံကို ပြုပြင်ပြောင်းလဲ နိုင်ရေး တွေးသည်၊ လမ်းတလျောက် ရဲယာဉ်ထိန်းများ လာဒ်စားငွေတောင်း အားလုံး စည်းပျက်ကမ်းပျက်ဖြစ်နေပုံများ ကြည့်ပြီး ဒို့ခေတ်ကျ ဘယ်လို စည်းကမ်း ဘယ်လိုနည်းလမ်းဖြင့် ဘယ်လို တိုးတက်အောင် ကြံဆောင်မည် စိတ်ကူးတွေးသည်။ ခရီးသည်များ စည်းမရှိ ကမ်းမရှိ ၊ ကားပေါ် အမှိုက်ပစ်၊ ကွမ်းတံတွေးထွေး၊ အော်ဟစ်ဆူညံပွက်ဟန်များကို ကြည့်ပြီး နိုင်ငံကြီးသား စိတ်ဓါတ်များ တည်ဆောက်ဖို့ ခေတ်ကို တောင့်တ မိလာပြန်သည်။
မီးပျက်တိုင်း ဘယ်ခေတ်မှာမှ မီးမှန်မည်ကို တွေးမိသလို၊ လမ်းတွေပျက်နေတာ တွေ့တိုင်း စနစ်ကျနစွာ ဆောက်လုပ်ခြင်း နည်းကို မတတ်သေးသော အင်ဂျင်နီယာများ အကြောင်း၊ ဘဏ္ဍာကို ထိရောက်မှန်ကန်စွာ အသုံးပဲ ဘုန်းဆဲ ဖြစ်တဲ့ ၀န်ထမ်းတွေ အကြောင်း၊ ထွေတလာ အစုံကို မြင်ရာအကြုံတိုင်း တွေးနေမိ မေးနေမိပါတယ်။
ပြီးခဲ့တဲ့ နှစ်ရက်က ပခုက္ကူခရိုင် မြိုင်မြို့နား မိုးခေါင်ရေရှားဖြစ်နေတဲ့ ဒေသနဲ့ ရွာတွေဆီ သွားခဲ့ပြန်တယ်။ လူမှုဖွံ့ဖြိုးတိုးတက်ရေး အတွက် ကွန်ယက် အနေနဲ့ တတ်နိုင်တဲ့ အများပြည်သူ အလှူအကူငွေတွေကို သွားရောက်လှူဒါန်းပေးတာပါ။
သွားရင်းနဲ့ လူနေမှု ဘ၀ တွေ အခြေအနေ၊ လက်ရှိဖြတ်သန်း ရင်ဆိုင်နေရပုံနဲ့ ။ နောက်လာမယ့် နှစ် အနည်းငယ်အတွင်း ထပ်မံဖြစ်ပေါ်လာနိုင်ခြေ ရှိသေးတဲ့ သဘာဝ ဖေါက်ပြန်မှု တွေကို လေ့လာခဲ့တယ်။
တောင်ကတုံးတွေ၊ သစ်ပင်မဲ့သော လွင်ပြင်ကြီးတွေ၊ ပူပြင်းတဲ့ လေပူတွေ တဟူးဟူး ကြားမှာ ခြောက်သွေ့ ကွဲအက်နေတဲ့ ယာမြေတွေ၊ ညှိးနွမ်းနေတဲ့ အညာမြေအလေ့ကျ ပေါက်သစ်ပင်ကြီးတွေ၊ သေဆုံးခြောက်သွေ့နေတဲ့ ပြောင်းခင်း၊ မြေပဲခင်း၊ နှမ်းခင်းတွေကို ကြည့်ရင်း ရေတစည် ရေ တပုံးအတွက် မိုင်နဲ့ချီပြီး သယ်ခတ်သောက်သုံးနေရတဲ့ ရွာသားတွေ ဘ၀ကို အထူးစာနာ သနားလာမိပါတယ်။
ဒီနေ့ဖြစ်နေတာတွေ ၊အပေါ် သေချာလေ့လာပြီး ဘာကြောင့် ဒါတွေ ဖြစ်ခဲ့တယ်။ ဘယ်လို ပြုပြင်မှ ဘာတွေ တိုးတက်မယ် ဆိုတာကို အမြဲစဉ်းစား လုပ်ဆောင်နေရမှာက နိုင်ငံကို ချစ်သော နိုင်ငံသားတိုင်း ရဲ့ တာဝန်ဖြစ်ပါတယ်။
အရာရာမှာ အကောင်း အဆိုးဆိုတာ တွေ အမြဲဒွန်တွဲလျှက်ရှိပါတယ်။
နိုင်ငံရေးဖြစ်စဉ်တွေထဲက ကောင်းမွန်တိုးတက်လာမှု တွေကို ကြိုဆိုကြရမှာဖြစ်သလို နိုင်ငံတွင်း နေရာအနှံ့က ပျက်စီးယိုယွင်းနေမှုတွေကိုလည်း ပြင်ဆင် တည့်မတ်ဖို့ တာဝန်သိစွာနဲ့ ကြိုးပမ်းကြရမှာပါပဲ

ကျနော် ကတော့ ဒီ လမ်းပေါ် လျောက်ခဲ့ပြီ၊ ဆက်ပြီးတော့လည်း လျောက်နေရအုန်းမှာပဲ။ မကောင်းပြောသူများ ၊ အပြစ်မြင်သူများ၊ ဘေးတိုက်လျောက်သူများရဲ့ အမြင် မကြည်လင်မှု သွေးခွဲမှုများ၊ စစ်အာဏာရှင် လက်ဝေခံတို့ရဲ့ နည်းအမျိုးမျိုးသော ဝေဖန် တိုက်ခိုက်မှုများကို အံကြိတ် တောင့်ထားရင်ဆိုင်ရင်း ရှေ့ကို ဆက်လက် လျောက်လှမ်းနေအုံးမှာဖြစ်ပါတယ်။

ကျနော် ရင်ထဲမှာ တခုတည်းသော အစဉ်ဆက်မပြတ် ရည်မှန်းထားတဲ့ ရည်မှန်းချက်ရှိပါတယ်။

ညီညွတ်ရေး၊ တိုးတက်ရေးမှသည် ငြိမ်းချမ်းရေး ဆီသို့ ဒီမိုကရေစီကို ရှေးရှုဦးတည်ရင်း သွားနေအုန်းမည်ဖြစ်ပါတယ်။

နေမျိုးဇင်

ဇူလိုင်လ ၃၁ ရက်၊ ၂၀၁၂ ခုနှစ် ည ၁၀ နာရီ

Wednesday, April 4, 2012

လွမ်းသည်ကို စာပန်းချီချယ်လို့

မနှစ်တုန်းဆီက ဒီအချိန် ကျနော် အောင်သပြေ စစ်ကြောရေး စခန်းအချုပ်ထဲမှာ ၊ စစ်မေးရေး အဖွဲ့ အရာရှိများစွာက တလှည့်စီ စစ်မေးခြင်းကို အလူးအလဲ ကြုံနေရချိန်၊ စစ်မေးခြင်း မဟုတ်ချိန် အချုပ်ခန်းငယ်အတွင်း တယောက်ထဲ ထားချိန်ဆိုလည်း ခပ်ဝေးဝေးဆီက ပျံ့လွှင့်လာသော သင်္ကြန်တေးသံအချို့ကို မချိတင်ကဲ နားစွင့်ရင်း စာမလာ သတင်းမကြား မိမိဘယ်ရောက်လို့ ဘာဖြစ်နေမှန်း မသိကြသူ အိမ်သူနှင့် မိဘတို့ကို သနားလွမ်း လွမ်းနေချိန်...............................။
ထိုစဉ်က အခြေအနေနှင့် ယနေ့ အခြေအနေတို့ အတော်ကွာခြားသွားသည်ကို သတိပြုမိသည်။ မနှစ်က ဒီအချိန်ဆိုလျင် စစ်ကြောရေး ရဲအရာရှိတို့က ကျနော့်ကို မေးခွန်းတွေ တရစပ်မေးကြသည်။ ထိုမေးခွန်းများထဲတွင် ကျနော့် မာဇဒါဂျစ်ကားတွင် ဗိုလ်ချုပ်အောင်ဆန်း ပုံကို ဘာကြောင့် ကပ်ထားသလဲ။ ခွပ်ဒေါင်းပုံနှင့် ကြယ်ဖြူတံဆိပ်ကို ဘာကြောင့် ကားစက်ဖုံးရှေ့တွင် တပ်ထားသလဲ။ ဘာကြောင့်လဲ ဒီပုံတွေနဲ့ လူထုအကြား ဆူပူအောင် လှုံ့ဆော်ဖို့လား၊ ဘာဖြစ်လို့ ဘီဂျီအဖွဲ့ဆိုပြီး ဗိုလ်ချုပ်အောင်ဆန်း ပုံပါ အကျီင်္တွေဝတ်ပြီး လူငယ်တွေကိုစည်းရုံးနေသလဲ။ ဒေါ်အောင်ဆန်းစုကြည် ထံပါးကို ဘာကြောင့်ချည်းကပ်သလဲ။ တပ်မတော်ကို ဖြိုခွင်းဖို့ ကြံစည်ကြိုးစားနေတယ် မလား၊ တပ်တွင်းမှာ လျို့ဝှက်ချိတ်ဆက်ထားတဲ့  ကျနော့်လို မဟုတ်မခံ မျိုးချစ်တပ်မတော်သား အရာရှိတွေ ဘယ်လောက်ရှိပြီလဲ။ ဘာကြောင့် ဒီအလုပ်တွေကို လုပ်တာလဲ။ စုံသည်မှ စိနေသည်။
ကျနော် အချို့မေးခွန်းများကို ပြန်ဖြေသည်။ ဥပမာ ဘာကြောင့်ဒီအလုပ်တွေ လုပ်နေလဲ ဆိုသည့်မေးခွန်းမျိုးဆို တည့်တည့်ရှင်းရှင်းသာပြန်ဖြေသည်။ ကျနော်သည် စစ်သားဟောင်းဖြစ်သည်။ မျိုးချစ်စိတ်ဓါတ်ဖြင့် တပ်မတော်တွင်း ၀င်ရောက်ခဲ့ဖူးပြီး သစ္စာလေးချက် ကို ဆိုခဲ့ဖူးသော သူဖြစ်သည်။ ပြည်သူတို့ ကိုကာကွယ်စောင့်ရှောက်ရန် အလေးအနက် ခံယူချက်ထားခဲ့သူဖြစ်သောကြောင့် လုပ်သင့်လုပ်ထိုက်သော ခေတ်အခြေအနေက တောင်းဆိုလာသော အလုပ်ကို လုပ်ခြင်းသာ ဖြစ်သည်ဟု ပြန်ဖြေသည်။ အဓိက ကျနော့် ရည်ရွယ်ချက်မှာ ခေါင်းဆောင်မှု လွဲမှားသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဧ။် စီမံအုပ်ချုပ်မှုကို လုံးဝ ချုပ်ငြိမ်းသွားစေလိုသောကြောင့် လုပ်ခြင်းဖြစ်သည် ဟု ဆိုသော အခါ အရာရှိတို့ မျက်နှာမှာ မဲနေတော့သည်။ မျက်ဝန်းတို့မှာ နီလာတော့သည်။ ကျနော်သည်ကား ဘက်ပြောင်းသော သူဖြစ်သည်။ ဘယ်ဘက်ကို ပြောင်းသောသူပါနည်း ။ ပြည်သူ့ဘက်သို့ ကူးပြောင်းသော ပြည်သူ့သားတယောက်ဖြစ်ပါသည်။ သို့နှင့် ကျနော် ထောင်ဒါဏ်ဆယ်နှစ် ပြစ်ဒါဏ်ပေးခံရလေတော့သည်။

မနှစ်တုန်းက ဒီအချိန်တွေကို ပြန်လည်းလွမ်းသည်။ ကွာခြားလွန်းလှသော ယနေ့မြင်ကွင်းများကို ကြည့်ပြီး တခုခုကို အားရှိလာသလို တခုခုကိုလည်း တွေးပူနေမိသည်။ မနှစ်တုန်းကတော့ ရန်ကုန်မှာ ခွပ်ဒေါင်း ပုံ ကားမှာ ကပ်၊ ဗိုလ်ချုပ်အောင်ဆန်းပုံကို ကားမှန်မှာကပ်ပြီး လျောက်သွား လျောက်မောင်းနေသော ကားဟူရွေ့ လက်ချိုး ရေ လို့ ရနိုင်သည်။ ကျနော်ပင် အဖမ်းခံရသည်ကိုး။ ယခုကား ရန်ကုန်တွင်မက တနိုင်ငံလုံး နေရာအနှံ့တွင် ခွပ်ဒေါင်းတို့ ထူ တလူလူလွှင့် နေပြီ။ အောင်ပွဲခံတေးသံတွေ တညံညံဖြင့် နှစ်ပေါင်းများစွာ မမြင်ခဲ့ရဖူးသော လူထုအတွင်းမှ လူထုအပြုံးတို့ကား ဝေေ၀ဆာဆာ ပျူပျူငှာငှာဖြင့် .......။
ယခုဆို သင်္ကြန်အတွက် သံချပ်တွေ ပြင် သီချင်းတွေစပ်၊ဗိုလ်ချုပ်ပုံပါ ဆင်တူအကျီတွေ ချုပ်ကြဖြင့် ပြင်ကြဆင်ကြလေပြီ။ ကျနော်သည်လည်း လွတ်လပ်ခွင့် တခုဖြင့် လူထုအကြားသွားလာနေလေပြီ။ သို့ပေမင့် မနှစ်တုန်းဆီက ဆယ်လတာ နေခဲ့ရသော အနှောင်စံဘ၀ အချိန်များကို နှမြောလှပါဘိ။ တိုင်းပြည်အတွက် အလုပ်များစွာ လုပ်နိုင်လောက်သော ထိုအချိန်တို့ ပုပ်ခဲ့ရသည်။ သို့ငြား ကျနော့်သာ ဆယ်လတာ ကြာသည်။ အကြံမစဉ်းခဲ့ပါပဲလျက် ဆယ်နှစ် နှစ်ပေါင်းများစွာ အကျဉ်းစံခဲ့ရသူ နောင်တော် မျိုးချစ်အပေါင်းတို့ ကျောင်းသား ခေါင်းဆောင်တို့ လွတ်သည့်ရက်မှ စ အလုပ်မပျက် ဇွဲမလျော့ တိုင်းပြည်အတွက် ရင်ကော့မာန်ချီ ညီညာဖျဖျ သွားနေကြပုံများသည် ကျနော်တို့အတွက် စံ.........................။

ကျနော်တွေးပူသည်ကား ကျနော်တို့သည် ရိုးဖြောင့် လူကြီးလူကောင်းဆန်စွာ သမာသမတ်ကျကျဖြင့် ကတိသစ္စာကို အလေးအနက် စောင့်ထိန်းခဲ့သော အစိုးရကောင်းတို့ အစဉ်အလာကို တိုင်းတပါးပြည် သမိုင်းတို့တွင်သာ ဖတ်ဖူးခဲ့လေရာ........

အကွေ့တို့လည်း ဖြတ်ခဲ့ပြီ။ အကောက်တို့လည်း ကျော်ခဲ့ပြီး ဒီပဲရင်းလို ခယောင်းလမ်းလည်း နင်းခဲ့ဖူးပြီ။
အချို့နေရာတို့တွင် သွေးစွန်းနေသော သင်္ဃန်းတို့ သိမ်းဆည်းထားဆဲ ရှိသေးသည်။ သံတိုင်နောက်ကွယ်တွင် သက်ပြင်း အကြိမ်ကြိမ်ချနေရသော တိုင်းပြည်ကို ကောင်းစေချင်လှသူ လူတို့ ရှိသေးသည်။
ကောင်းကင်ပြာပြာကား မကြာမီ လာအံ့ထင်သည်။ တိမ်မဲညိုညိုတို့ကာ တလွင့်လွင့် ရွေ့မျောနေကြသည်။ ကျနော် ထောင်ထဲမှာနေစဉ် ကောင်းကင်ကို မော့ကြည့်ပြီး ထိုသီချင်းလေးကို မကြာမကြာ ဆိုနေတတ်ခဲ့တာကို သတိရမိသည်။

............... ကောင်းကင်ပြာ ........ဒို့ရဲ့ကောင်းကင်ပြာ......... မိုးတိမ်တွေ ဖုံးအုပ်ထားခဲ့တယ်။............. နှုတ်ဆက် လိုက်ပါတယ် ..........ဒို့ရဲ့ ကောင်းကင်ပြာကြီးရယ်............ မိုးသားမဲမဲတွေ ကင်းရှင်းသွားတဲ့ တနေ့ .............လှပလွန်းတဲ့ ကောင်းကင်ပြာ............
ပြန်လည်ကာတွေ့ရမှာပဲလေ...................။ ယုံကြည်လို့ အမြဲတမ်းစောင့်နေမယ်။ ...................

ကောင်းကင်ပြာပြာကြီးကို မကြာမီ ကျနော်တို့ မြင်ရလုနီးပါပြီ။ သို့သော်လည်း တိမ်မဲညိုညစ်တို့ ဖုံးအုပ်နေချိန်တွင် မြင်ကွင်းတို့သည် မလင်း၊ မပြတ်သား၊ ခရီးတို့သည် မတွင်။ လူကျစ်လူကောက် လူလွန်မသား တို့ လုပ်ရိုးလုပ်စဉ် ကျစ်ကောက်ခြင်းကို တိမ်မဲညိုတို့ အကာကွယ်ဖြင့် လုပ်တတ်သည်ကို သတိပြုရမည်။
ကောင်းကင် ကို မော့ကြည့်မိပါသည်။ တိမ်ညိုတို့သည် တိမ်ဆိုင် တိမ်မဲများ အဖြစ်အားစုဖွဲ့ရန်များ ပြင်နေသလား အောက်မေ့မိသည်။
ကောင်းကင်ကြီးကာ မဲညို့မှောင်ရီနေသည်။ ယခု စာရေးနေချိန်သည် ဧပြီလ ၅ ရက် မနက် ၇ နာရီ အလှည့်ကျ မီးပြတ်ချိန် မနက်အစော အင်ဗာတာမီးဖြင့် ရေးရသည်။

( ဖြစ်နိုင်လျှင်ထက်ထက်မိုးဦးကို ခေါ်ပြီး ပိုလျှံနေသောကြောင့် ပြည်ပကို ရောင်းစားပါသည်ဆိုသော လျှပ်စစ်ဝန်ကြီးကို ငါးချက်လောက် ရိုက်ခိုင်းချင်သည်။ မီးမလာသောကြောင့် ထွက်သော ဒေါသကို ငါးထောင်တန်တရွက်ပေး ပြီး ဖေါက်ခွဲပစ်လိုက်ချင်သည်။ မီတာခတွေသာ တိုးကောက်သည် )

မီးမလာသောကြောင့် ကျနော့်စိတ်အထင် ကောင်းကင်ကြီးသည် ပိုမှောင်မဲလို့ ညိုနေသည် ထင်ပါသည်။

ကျနော်တို့ ခေါင်းဆောင် အန္စ္တရာယ် ဘေးကင်း ပါစေ။ ကောင်းကင်ပြာကြီးနဲ့ အတူ အမေ ပြုံးရွှင်ကြည်နူးနိုင်ပါစေ ။

သီချင်းလေးကို ဆက်ညည်းမိပါသည်။...... ကောင်းကင်ပြာ ............ ဒို့ရဲ့ကောင်းကင်ပြာ.............. မိုးတိမ်တွေ .......... ဖုံးအုပ်ထားခဲ့တယ်။ ........... နှုတ်ဆက်လိုက်ပါတယ်............. ဒို့ရဲ့ကောင်းကင်ပြာကြီးရယ် မိုးသားမဲမဲတွေ.............. ကင်းရှင်းသွားတဲ့ တနေ့........... လှပ လွန်းတဲ့ကောင်းကင်ပြာ.............. ပြန်လည်ကာ တွေ့ရမှာပဲလေ။ ................... ယုံကြည်လို့ အမြဲတမ်းစောင့်နေမယ်။ ........... ဒါ ဒါ ဒီ ဒီ ဒီ။............
ဟော့ .............ရဲရဲနီသော ခွပ်ဒေါင်း အလံလွှင့်ထူထားတဲ့ ကားတစီး အိမ်ရှေ့က ဖြတ်မောင်းသွားပါသည်။ ကားထဲက သီချင်း သံတချို့ပြန့်လွှင့်လာသည်။ ...... တိုင်းနိုင်ငံအနှံ့ ခွပ်ဒေါင်း နိုင်ပါပြီ တဲ့...................... ကျနော် ကြက်သီးတွေ ဖြန်းကနဲ ထ သည်။ ဟော ဒို့လိုချင်နေတဲ့ ကောင်းကင်ပြာ ကောင်းကင်ပြာ ကောင်းကင်ပြာ...........................................
.............................................................................................
................................................................................................
...................................................။ .

Thursday, February 23, 2012

အလုပ် လု့ပ်ချင်တယ်

ယနေ့ ဖေဖေါ်ဝါရီလ ၂၃ ရက် ၊ ကျနော် အိမ်တွင်းအလုပ်များဖြင့် ရှုပ်နေသည်။ လူလည်း နေ့ပူညချမ်း တပေါင်းလဆန်း ဆိုသလို အလွန်ပူ့သော နေ့ကိုချွှေးတလုံးလုံးဖြင့် ဖြတ်ပြီး ကမန်းကတန်း ရေချိုးမိသော ပျဉ်းမနားမှ အပြန်ရက်မှ စပြီး နှာစေးအဖျားပေါ်လာတော့သည်။ ခါးက ပြန်နာသလိုဖြစ်သည်။ စာတွေကလည်း မနည်းမနော ဖတ်ရန် ဖတ်ချင်၊ အိမ်အလုပ်တွေကလည်း စီရရီ ဆင့်ရရင့်၊ လုပ်လို့ကို မကုန်နိုင်။ ကွန်ပြူတာပျက် ပြင်ရတာနဲ့။ ကား စက်နိုးမရလို့ ပန့်ချုရတာ၊ သားတော်မောင်ကို ကျောင်းပြေးကြိုပို့၊ ပါတီအတွက် သီချင်းတိုက်ဖို့လည်း ပြေးချင်၊ စားရေးလည်း လုပ်၊ တိုင်းရေးလည်း အမှီ။ အနာဂတ်ဆီအတွက်လည်း သားလေးကို ချော့ ၊ဘ၀ လက်တွဲဖေါ်ချစ်ဇနီး မယားကိုလည်း စိတ်မညိုစေချင် ကဗျာကယာ၊ ပျာတာတာ၊ ဟိုဟာလည်း လုပ်လို ဒီဟာလည်း မပြီးသေး၊ နောက်တခုက ထပ်ပေါ်လာ၊ ဖုန်းခေါ်သံက အခါခါ ၊ အွန်လိုင်း ဂျီတော့ခ်က တတောင်တောင်၊ ဖုန်းလာပြောနေတဲ့ လူတွေ နွမ်းပါးချို့တဲ့လွန်းသူ နိုင်ငံသားတို့ ဘ၀ အသံကို ကြားတော့ ပီဖင်းဂိုးလေးဆိုတဲ့ ကလောင်နဲ့ အခြေခံလူတန်းစားတွေ ဘ၀ သရုပ်ဖေါ် စာစုကလည်း ရေးလိုက်ချင်၊ အိုး ဟိုး ဟိုး ဗျာများတကာ့ ဗျာတို့ဘုရင် နေမျိုးဇင် လို့သာ ညည်းလိုက်ချင်မိ။ စေးနေသော နှာ၊ ညှစ်ချင်တဲ့ နှပ်ကိုအသာကပ်ပြီး စာကိုသာ အထပ်ထပ် အလုယက် ရိုက်လိုက်တယ်။ ထောင်တွင်း အတွေ့အကြုံတွေ ရေးမယ် လို့ရည်းစူးထားပေမယ့် အိမ်ပြန်ရောက်ချိန် အိမ်အလုပ်တွေနဲ့ ဗျာများလွန်းလို့ လမ်းသွားရင်း ကားပေါ်ပဲဖြစ်ဖြစ် သွားသွားလာလာ နေရာတကာမှာ အားတာနဲ့ စာထုတ်ရိုက်လို့ရမယ့် နုတ်ဘုတ်လေး တလုံးလောက်ရှိရင် သိပ်ကောင်းမှာပဲလို့ တွေးမိပြန်ရောဗျာ။ အော် လိုလ လိုဘ လိုသမျှသာ တောင့်တ ရရင်၊ တ တိုင်းသာ ရမယ် ဆိုရင် နိုင်ငံတော်ကြီးလည်း အခုဆို အတော် အေးချမ်းဖွံ့ဖြိုးနေပြီပေါ့ ခုတော့မအေးလည်း မအေးချမ်းသေး၊ ဖွံ့ဖြိုးမှု ဆိုတဲ့ အရိပ်ယောင်လေး ပဲတွေ့နေရသေး။ ပြောရင်း သတိရလာတယ်။ စောစောက သားလေး ကျောင်းသွားအကြို စက်ဘီးပေါ်က BG ဗိုလ်ချုပ်ပုံ အကျီဝတ် ထားတဲ့ ကျနော့်ကို ရဲထောက်လှမ်းရေး တယောက်က သူ့ဆိုင်ကယ်ပေါ်ကနေ မကြည်သလို ရွံသလို စိမ်းစိမ်းကြီး ခြောက်ကြည့်ကြည့်သွားသဗျာ။ ကျနော် နေမျိုးဇင်မှန်း သူမသိလို့လား သိလို့လား၊ ဗိုလ်ချုပ်ပုံဝတ်ထားသူမှန်သမျှကို မကြည်သလိုကြည့်တတ်တဲ့ ခေါက်ရိုးပဲ ကျိုးနေလို့လားမသိဘူး စကားမစပ်ပါ။ ဖွံ့ဖြိုးခြင်း ဆိုတဲ့ အကြောင်း တွေးမိရင်း အောက်ခြေမှာ ကလို ၀န်ထမ်းတွေရှိနေသေးတယ် ဆိုတဲ့ အတွေးလေး ပေါ်လာလို့။ ကျနော် စာတွေ ရေးချင်တယ်။ အချိန်ပေးပြီး စာတွေဖတ်ချင်တယ်။ တာဝန်ဆိုတာတော့ ဘာမှ မရှိပေမယ့် ဘာနဲ့ဘာ အလုပ်များနေမှန်း မသိလို့ အချိန်မပေးနိုင်ဖြစ်နေရတယ်။ ရဲစစ်ကြောရေး ဖြတ်သန်းခဲ့ရတဲ့ ရက်စွဲလေးတွေ အကြောင်း သေချာ မှတ်တမ်းတင် ရေးသားဖို့စိတ်ကူးရှိပေမယ့် မရေးဖြစ်သေးဘူး မကြာခင် ရေးဖြစ်အောင် ကြိုးစားပါမယ် ။ မရေးတာ ကြာပြီဖြစ်တဲ့ ဘလော့စာမျက်နှာအတွက် ကနေ့ အားတုန်းလေး ဒီစာစုလေးတွေ ကမန်းကတန်း ရေးတင်လိုက်တယ်

About Author

Subscribe in Reader

Access B-G on Go

About B-G

Related Posts with Thumbnails