Wednesday, August 15, 2012

စဉ်ခါလ လေ စဉ်ခါလ

ကျနော် လွန်ခဲ့သော သုံးလခန့်က ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ် အတွင်းမှ ရွာကြီးများဆီ တောင်သူလယ်သမားများ လယ်မြေပျက်စီး၊ စီးပွားပျက် ဘေးဒုက္ခများကို အားပေးစကားပြောကြား ဖြေရှင်းချည်းကပ်နည်းများ လေ့လာဖို့ သွားရောက်ခဲ့ဖူးတယ်။

တောင်သူလယ်သမားများနဲ့ တွေ့ဆုံပြီး သူတို့ဘ၀ ဘေးဘယ များ၊ ရင်ဖွင့်ချက်များ၊ နားထောင်ပြီး လယ်သမားကြီး များဘ၀ ကို အတော်စာနာသနားမိသည်။
လယ်သမားကြီး တွေက သူ့တို့ လယ်များ ဆားငန်ရေ ၀င်ပြီး လယ်တွေပျက်သည်။

 သို့နှင့် စပါးမစိုက်နိုင်၊ စားရေး ခက်မည်စိုးသောကြောင့် ၀က်များကို ရပ်ရွာငွေတိုးပေး သမားထံမှ ချေးငွေဖြင့် ချေးပြီး မွေးသည်။ ထိုနှစ်တွင် ၀က်နားရွက်ပြာ ရောဂါများဖြစ်ပြီး၊ ၀က်တွေ သေကုန်သည်။
မကြာမှီ ချေးငွေရှင်က ငွေပြန်တောင်းသည်။

 တောင်သူတို့တွင် ပေးစရာ အိမ်မွေးခိုင်းနွားမှ လွဲပြီး၊ ဘာမှ မရှိတော့။ ပိုင်ဆိုင်သမျှ ဒီငယ်မွေး ခြံပေါက် နွားကြီးတွေပဲ ရှိသည်။  အကြွေးရှင်ကလည်း မပေးလျင် ရဲတိုင်မည်၊ ဖမ်းချုပ်မည်၊ တရားစွဲမည်၊ ခြိမ်းခြောက်ချက်က ပြင်းထန်လွန်းတော့ ငယ်ငယ်ကတည်းက လည်ပင်းဖက်ပြီး ကြီးလာသည့် သားသမီး သဖွယ် ခင်တွယ်ချစ်ခင်လှသော ခိုင်းနွားကြီးကို နွားသတ် ကုလား ထံသို့ သူတို့ ပေးသမျှ ဈေးဖြင့် ရောင်းရတော့သည်။
နွားသတ် ကုလားက သားချင်းတမျှ ချစ်ခင်လှသော သူတို့ ခိုင်းနွားကြီးကို နှာချည်ကြိုးမှ ဆွဲခေါ်သွားချိန် သားသမီး သဖွယ်ဖြစ်နေသည့် နွားကြီးက မျက်ရည်တွေ စီးကျသည်တဲ့။

 တောင်သူလယ်သမားကြီးက သူ့သားလိုခင်တွယ်နေတဲ့ ခိုင်းနွားကြီးကို ကြည့်ပြီး သူလည်း ငိုချလိုက်တဲ့ အကြောင်း ၊ တောင်သူတွေ ဆိုတာ သူတို့ ခိုင်းနွားတွေကို သားသမီးလိုပဲ သဘောထားတဲ့ အကြောင်း၊ သံယောဇဉ် အင်မတန် တွယ်တာတတ်တဲ့ အကြောင်း များကို ၀မ်းနည်းလွန်း၍ နီရဲနေသော မျက်ဝန်းကြီးများဖြင့် ကျနော့်ကို ရှင်းပြသည်။

အခု တိုင်းပြည်မှာ ရာသီတွေဖေါက်ပြန်၊ ရောဂါဆန်းတွေဖြစ်၊ စီးပွားတွေပျက် တောင်သူတွေ ဘ၀ပျက်ပြီး၊ ကြွေးပူမနေနိုင်ဖြစ်လာတဲ့ အခါမှာ ရင်ဝယ်သားကဲ့သို့ ချစ်ရတဲ့ သူတို့ရဲ့ နောက်ဆုံးပိုင်ဆိုင်မှုဖြစ်ရာ ခိုင်းနွားကြီးကို သားသတ်သမားလက်သို့ ငိုကြွေးပြီး ပေးအပ်ခဲ့ရပုံများကို  ငိုရှိုက်သံများနှင့် အတူ အင်မတန်ဝမ်းနည်းစွာ ဖြင့် ကျနော့်ကို ပြောပြတော့ ကျနော် သနား ဂရုဏာသက်မိပါသည်။

သို့သော် တောင်သူလယ်သမားကြီး ရဲ့ သားသမီးသဖွယ် ချစ်ခင်တဲ့ ခိုင်းနွားကြီးကို သားသတ်သမားလက်သို့ အပ်နှံချိန် သူခံစားရတဲ့ အင်မတန် ၀မ်းနည်းစဖွယ် ခံစားချက်မျိုးကို အဲဒီ အချိန်တုန်းက ထပ်တူနီးပါးမျှ ကိုယ်ချင်းစာခြင်း မခံစားမိပါ။ ကျနော်မှ တောင်သူလယ်သမား မဟုတ်ပဲကိုး။ သားသမီးလို ချစ်ခင်ရတဲ့ ခိုင်းနွားမှ မရှိဖူးပဲကိုး ..................................................................။

ယနေ့ ကျနော် ငိုင်နေမိပါသည်။

ခိုင်းနွားကြီးကို သားသတ်သမား လက်သို့ အပ်လိုက်ရသည့် တောင်သူကြီး ဘာကြောင့်ငိုသည် ဆိုတာ ကနေ့ ကျနော် တွေးမိသည်။ ကိုယ်ချင်းစာ မိပါပြီ .......................။

လွန်ခဲ့သော လေးနှစ် သြဂုတ်လ (၈) ၂၀၁၀  မှာ  ကျနော်ဟာ တပ်မတော် က လေလံပစ်တဲ့ မာဇဒါဂျစ်လေး တစီးကို သွားပြီး လေလံဆွဲဝယ်ယူခဲ့ပါတယ်။ နိုင်ငံခြားမှာ အဲဒီ အချိန်တုန်းက အလုပ်လုပ်နေတဲ့ ညီလေးတွေ ဆီက ချေးငွေရယ် ကျနော် ရိုးသားဖြောင့်မတ်စွာ ယာဉ်ကြီးမောင်း လုပ်သား အဖြစ်နဲ့ စင်ကာပူမှာ ကားမောင်းစားခဲ့တဲ့ ငွေလေးရယ်။ မြန်မာပြည်မှာ အင်တာနက် ဆိုင်လေး ဖွင့်ပြီး ကျစ်ကုတ် စုဆောင်းထားတဲ့ ငွေလေးတွေရယ် ပေါင်းပြီး ၊ ဒီကားလေးကို အိမ်နားက ခြံလေး တခြံမှာ ဘော်ဒီဆရာ တဦးနဲ့ အတူ ကိုယ်တိုင် ၀င်လုပ်၊ ၀ရိန်ဆော်၊ ကိုယ်တိုင် ဆေးမှုတ်ပြီး ကားလေးကို ပြန်ပြင်သည်။ စုစုပေါင်း အဲဒီ ခေတ် ကုန်ကျဈေးနှုန်း သိန်း ၇၀ ခန့်ကျသွားသည်။ လိုသော ငွေများကို ညီလေး ထံမှ ခဏယူထားသည်။ ညီလေးကလည်း အိမ်မှာ မိဘများ အရေးအရာ ကျန်းမာရေး အကြောင်းဖြစ်ခဲ့သော် ညရေးညတာ သွားလာမှု လွယ်ကူစေရန် အိမ်သုံးကား တစီးရှိစေချင်တဲ့ စိတ်ကူးနဲ့ လေလံမာဇဒါ ဂျစ်ကားလေး ငြင်ဆင်ဖို့ ကျနော်လိုအပ်တဲ့ ငွေ သိန်းငါးဆယ်ကို ခဏ စိုက်ထုတ်သုံးနိုင်ရန် ပို့ပေးထားရှာပါတယ်။
ဒါနဲ့ပဲ ကျနော်ဟာ ကိုယ်ပိုင်ငွေ တချို့တ၀က်သာပါတဲ့ ကားလေး တစီးကို မောင်းနှင်နိုင်ခဲ့ပါတယ်။
တပ်ထဲမှာနေစဉ်ကလည်း ဘာမှ အပိုငွေ မရဖူးခဲ့ တပ်က ထွက်လာတော့လည်း ဘာမှ မပါလာ။ သားတယောက် မယားတယောက် အိပ်ရာလိပ်တခုနဲ့ တပ်ကထွက်လာခဲ့တဲ့ကျနော် ဘယ်လို ငွေကြေး အပိုမှ မရှိခဲ့။
စင်ကာပူမှာ ကုန်တင်ကား သွားမောင်းလို့ ရတဲ့ လခကနေ စုမိတာလေးကလည်း ပြောပလောက်အောင် မဟုတ်။
အခု ညီအကိုတွေ ခနစိုက်ထုတ်ပေးထားလို့ ၀ယ်ထားလိုက်နိုင်တဲ့ ၂ဂ/၁၂၄၆  မာဇဒါဂျစ်လေးဟာ စတင်ပြီး ကားလမ်းပေါ် မောင်းထွက်နိုင်ကတည်းက တိုင်းပြည် ၀န်တွေကို စထမ်းရတာပါပဲ။ ဦးဆုံး ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်တာကို  ယာယီနံပတ်လေးနဲ့ သွားကြိုခဲ့တယ်။ မိန့်ခွန်းပြောတဲ့နေ့ရော၊ တောင်ဒဂုံ ဒေါ်ဖြူဖြူသင်း ဂေဟာ ဆီကို လာပြီး မိန့်ခွန်းပြောစဉ်မှာပါ ဒီကားလေးက ရှေ့ပြေး အမေစုကို ကြိုလာတယ်။ နောက်ပိုင်းမှာ ကျနော်တို့ လူငယ်တွေ BG သွေးအကူအညီပေးရေး ဆိုပြီး ဆေးရုံတကာ့  ဆေးရုံ သွေးလိုက်လှူတော့လည်း ဒီကားလေးပါပဲ။ မင်္ဂလာဒုံ စစ်ဆေးရုံက လွဲပြီး ရန်ကုန်ထဲမှာ ရှိတဲ့ဆေးရုံမှန် သမျှ ဒီကားလေး မရောက်ဖူးတာ မရှိ။ ဒီကြားထဲ့ အန်တီစု လမ်းကြောင်းရှေ့ပြေးကား ပျက်တဲ့ အချိန်ဆိုရင် ဒီကားလေးက အန်တီ့ရှေ့ပြေးကား အဖြစ် ကျနော်တို့ လူငယ်တွေက တာဝန်သိသိနဲ့ ကူညီခဲ့တယ်။ အားလုံး မိမိတို့ ရှိတာနဲ့ပဲ ၀ိုင်းကူညီခဲ့တာပါ။
ဒါနဲ့ပဲ ဘီဂျီ သွေးအကူအညီပေးရေး အဖွဲ့သားတွေ တနိုင်ငံလုံး အနှံ့ အဖွဲ့ခွဲတွေ ဖြစ်လာတဲ့ အထိ ဘီဂျီက အောင်မြင်ခဲ့တယ်။
ဗိုလ်ချုပ်ပုံတွေ အမေစုပုံတွေ ကားမှာကပ်လို့ ၂၀၁၀ ၀န်းကျင်မှာ ကျနော်တို့ ရန်ကုန် တိုင်း တခွင်၊ မကွေး၊ တိုက်ကြီး၊ပဲခူး  တခွင် စည်းရုံးရေး သွားခဲ့တာလည်း ဒီကားလေးနဲ့ပါပဲ။

စိုင်းထီးဆိုင်က ဘီးနံပတ် အိုကေ သုံည တစ်နှစ်နှစ် အယ်လ် တဲ့ ။ ကျနော်က ကားနံပတ် ၂ဂ/၁၂၄၆ မာဇဒါပေါ့။

အခု ထောင်က လွတ်ပြီး  နောက်ပိုင်းမှာလည်း မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက် အနေနဲ့ ကျနော် လူထု အကျိုးပြု လုပ်ငန်းတွေ အရှိန်အဟုန်နဲ့ လုပ်နိုင်အောင် ဒီကားလေးကပဲ လိုရာ လိုက်ပို့ခဲ့တယ်။ တိုင်းရင်းသား စစ်ဘေးသင့် ဒေသ အကူညီ ဖျော်ဖြေရေး ရန်ပုံငွေ တွေကို လည်း ဒီကားလေးနဲ့ပဲ ရှာခဲ့တယ်။ ဖျော်ဖြေရေး ခရီးစဉ် အတွက် သူတပါး ကားကို ငှားရင် တခေါက်သွားတိုင်း သိန်း ဂဏန်းမက ပေးရမှာကို ဒီကားလေးနဲ့ သွားတဲ့ အတွက် ကားငှါးခပေါင်း များစွာ ကို တိုင်းရင်းသားတွေ အတွက် သူက သက်သာရာ ရစေခဲ့တယ်။ သုံးခွခရမ်းမြို့ထိလည်း အကြိမ်ကြိမ်သွားခဲ့တာ ဒီကားလေးပဲ။ အမေစု နယ်ခရီးစဉ် ကော့မှူးကို သွားတော့လည်း ဒါလေးနဲ့ပဲ လိုက်ပါစောင့်ရှောက်ခဲ့တယ်။ သူနဲ့ ကျနော် နေ့တိုင်းနီးပါး ခရီးတွေ အတူသွားခဲ့တယ်။ သံယောဇဉ်ဖြစ်တာပေါ့။

ဒါပေမယ့် လည်း မနက်ဖြန် ဆိုရင်တော့ တောင်သူလယ်သမားကြီး မျက်ရည်ဝိုင်း သလို ကျနော် တော့ မ၀ိုင်းလောက်ပါဘူး။ ရင်ထဲမှာတော့ ဟာတာ ဖြစ်ကျန်ခဲ့တော့မှာပါ။

ကျနော့် ညီလေးခမျာလည်း သုံးနှစ်ကျော်လောက် သိန်းငါးဆယ်ကို ရင်းပြီး ကျနော့်ကို ကူညီပေးခဲ့ရှာတာ။ အတိုးမဲ့ပေးထားရတာပါ။ ကျနော်ကလည်း ဒီကားလေးနဲ့  လူထု ကောင်းကျိုး သယ်ပိုးနေတာကို သူလည်း သိနေတာပဲလေ။ ဒီနှစ်တော့ သူလည်း မြန်မာပြည် ပြန်လာပြီ။ လိုအပ်မယ့် လုပ်ငန်းတွေလုပ်ဖို့ အရင်းအနှီးကလည်း လိုလာပြီ။ ကျနော့်မှာလည်း တခြား အပိုငွေ ရှာချိန်က မရခဲ့ ဆိုတော့ သူ့ငွေကို ပြန်ပေးဖို့ရာ ဒီကားလေးကို ရောင်းပြီး ပေးမှ ရမယ်။

အခု ဒီနေ့ ညနေမှာ ကားဝယ်သမားတွေက စပေါ်ငွေ ငါးသိန်းလာပေးသွားပြီ။ ယနေ့ ပေါက်ဈေးနဲ့ မာဇဒါဂျစ်ကားလေး ၂ဂ/၁၂၄၆ ကို  ၅၄ သိန်း ပေးပါတယ်။ စုစုပေါင်း သိန်း ၇၀ ကျော်ကုန်ထားခဲ့တဲ့ အတွက် ကျနော်တို့ သိန်း ၂၀လောက် ရှုံးပါတယ်။ အခု ကားရောင်းပြီး ညီလေးကို အကြွေးဆပ်လိုက်တာ ကျနော့် ကိုယ်ပိုင် အဖြစ် ကျပ် လေးသိန်း တိတိ ရပါမယ်။ လေးသိန်းနဲ့ ကျနော် စက်ဘီး တစင်း ၀ယ်ဖို့ စီစဉ်ပါမယ်။ ကား မရှိလည်း စက်ဘီးနဲ့ လူထုကို အကျိုးပြုလို့ ရသေးတာပါပဲ။ 

 ခေတ်စနစ်ကိုက ကားဈေးတွေ ကျကုန်တော့ ကျနော်တို့လို အောက်ခြေလူတန်းစားမှာ အရှုံးပြတဲ့ သိန်း ၂၀ ဟာ တကယ်ဆို မနည်းပါဘူး။  ဒါပေမယ့်လည်း တိုင်းပြည်အတွက် ကျနော်တို့နိုင်တဲ့ နေရာကနေ အကူအပံ့ဖြစ်အောင် ဒီကားလေးကို သုံးခွင့် ရလိုက်တာကိုပဲ အမြတ်လို့ သဘောပိုက်လိုက်ပါတယ်။

မနက်ဖြန်ဆို ကားလေးကို သူတို့ အပြီးအပိုင်လာယူသွားပါတော့မယ်။
အထူး သတင်းတပ်ဖွဲ့က လာဖမ်းချိန် ဒီကားလေးနဲ့ပဲ ကျနော် ပါသွားခဲ့တယ်။ ထောင်ကလွတ်တော့မှ ပြန်တွေ့ခဲ့ရတဲ့ ဒီကားလေးကို မနက်ဖြန်ဆို ကျနော် မြင်ရတော့မည် မဟုတ်။ မိတ်ဆွေ သူငယ်ချင်းများကိုလည်း ဒီကားလေး ရောင်းဖို့ပြင်နေတာကို အသိမပေးရက်ပါ။ 

ငုံးဆူ လူမသိပါ။

အခုတော့ ကျနော့်မှာ ပေါ့ပါးစွာ သွားလာနိုင်စွမ်း မရှိတော့။ ခါးနာရောဂါကလည်း သက်သာပျောက်ကင်းခြင်း အလျင်း မရှိသေးသည်မို့ ဘတ်စ်ကားလည်း အချိန်မရွေး တိုးစီးခြင်း မပြုနိုင်။ တက်စ်က်စီ ကားလည်း ငှားစီးနိုင်မည် မဟုတ်။ ဒါကြောင့် အခမ်းအနားဖိတ်သူများ ကိုလည်း အားနာစွာဖြင့် ငြင်းရတော့မည်။ လူထု အကျိုးပြုလုပ်ဆောင်စရာများ အတွက်တော့ အကောင်းဘက်က လှည့်တွေးထားပါသည်။အများ အကျိုးပြု အလုပ်ကို ခါတိုင်းကဲ့သို့ တရစပ် သွားနိုင်လာနိုင် လုပ်နိုင်ရေး အတွက်သာ မဖြစ်မနေ သွားနိုင်တော့မည်။ အပျော်အပါး အခမ်းအနားများ တက်ဖို့ရာမူ အခြေအနေအရ လောလောဆယ် ကျနော် မဖြစ်နိုင်တော့။

 အများသူငှာ လှူဒါန်းငွေဖြင့် စရိတ်ကုန်ကျလွန်းသည့် ကားငှားပြီး တောရွာကျေးလက် အနှံ့ ကျနော် သွားဖို့ရန်လည်း မလွယ်တော့သည်မို့ ရှေ့ဆက်ပြီး ဖြစ်သလိုတော့ စခန်းသွားရပေတော့မည်။ 

ဘတ်စ်ကားတလှည့် ကားကြုံတခါ ကြုံရာဖြင့်တော့ ဆက်သွားနေရပေတော့မည်။
ဒီစာရေးရင်း အမှောင်ထု မီးပျက်နေသည့် ယခုည အိမ်ဘေးတွင် ရပ်ထားသည့် ကားလေးကို လှမ်းငေးကြည့်မိပါသည်။
သူသည်ကား ကျနော့်လက်တွင်းတွင် သက်မဲ့ဖြစ်ပေငြား တိုင်းပြည် တာဝန် ကို နိုင်သလောက် ကျေပွန်စွာ ထမ်းသွားခဲ့ပေပြီ။ သက်ရှိဖြစ်သော ကျနော်သာ ကိုယ့်စွမ်းကိုယ့်အားဖြင့် ရအောင် ဆက်ရုန်းဖို့ ကျန်တော့သည် ။
စိတ်ပူမိသည်မှာ တခုပဲ ရှိသည်။ လူကောင်း ပကတိမဖြစ်သေးသော မိမိကျန်းမာရေးကြောင့် ယခင်လို စိတ်သွားတိုင်း ကိုယ်ပါဖို့ ခဲ့ယဉ်းသွားသော ဘ၀ကို အလိုမကျတော့ ဖြစ်မိသည် ။
ဒါပေမယ့် ကျနော် ဘယ်တော့မှ စိတ်ဓါတ်ကျမည် မဟုတ်ပါ။ မရှိသည့် ဘ၀မှ လာခဲ့သူဖြစ်သည် ။ ရှိသည့် အရာနှင့် ဖြစ်အောင် ကျနော် ဆက်လက် ကြိုးစားသွားမည်ဖြစ်ပါသည်။ ပရဟိတဖွံ့ဖြိုးရေး ဆိုဒ် ဖြစ်သည့် ကျနော့်  ဖေ့စ်ဘွတ်မှာ မတင်ပဲ ကိုယ်ပိုင် ဘလော့မှာ တင်ပြရသည်က ကျနော့် မိတ်ဆွေများ ရန်ကုန်ထဲတွင် ဒီကားလေးကို တွေ့ပြီး ကျနော်မှတ်ထင်ကာ လိုက်ရှာနေကြမည် စိုးသောကြောင့် ရင်ဖွင့်စကား အနေဖြင့်သာ ဘလော့တွင် တင်ပြလိုက်ပါသည်။

နောက်ဆုံးတော့ ကျနော် လောကဓံ ခပ်ကြမ်းကြမ်းတွေ ရင်ဆိုင် တွေ့ကြုံရသည့် အခါတိုင်း နောက်သလို ပြောင်သလိုဖြင့် ကိုယ့်ဘာသာ ညည်းဆိုမိသည့် စကားတခွန်း ဖြင့်သာ ကိုယ့်ဘာသာ ချွှေးသိပ်လိုက်ပါသည် ။

သြော် စင်ခါလ လေ စင်ခါလ။

တရုတ်ကြီးတယောက် က မပီကလာ ပီကလာဖြင့် လောက ရဲ့မမြဲသော သဘောကို တရားနှလုံးသွင်း ရှုမှတ်ချိန်မှာ ယခုလို ပြောပါသည်တဲ့ ။ သူကား စကား မပီသောကြောင့် သင်္ခါရ ကို စင်ခါလ ဟု ထွက်သည်တဲ့။

သြော် စင်ခါလ လေ စင်ခါလ။

ကျနော်ကတော့ ကောင်းကင်ပြာဆီ ဦးခေါင်းမော့ပြီး ကြုံလာသမျှ လောကဓံကို ခါးစောင်းတင်နေအုံးမည်ဖြစ်ပါသည်။
ပရဟိတ အသင်းအဖွဲ့တွေ ထောင်ပြီး ခါမှ ကိုယ်ပိုင်ကားကောင်းကြီးတွေ တချို့ စီးသွားနိုင်သည်။ ဆိုင်ကယ်တွေ အိမ်တွေ ၀ယ်သွားနိုင်သည်။
ကျနော်ကတော့ ခေတ်ရေစီးကို ဆန် ၊ စနစ်ဟောင်းကို လှန်ချင်သူမို့။ ပရဟိတ နိုင်ငံရေး နယ်ပယ် ၀င်ခါမှ ရှိတာတွေလည်း ပြောင်၊ စီးပွားလည်း ပျက်မတတ်၊ ကားစီးနိုင်ခဲ့သော ဘ၀မှ ဘတ်စ်ကားတိုးစီးကာ ဆက်လုပ်အုံးမည်။ ကားမရှိတော့သောကြောင့် ဘတ်စ်ကား တိုးစီး ကားမှတ်တိုင်တွင် တမေ့တမောစောင့်ရင်းဖြင့် တန်ဖိုးရှိသော ကိုယ်ပိုင် အချိန် အနည်းငယ် ပိုကုန်တော့မည်။ ကောင်းသည်။ ကျနော် မှတ်တိုင်တွင် ထိုင်စောင့်ရင်း စာတွေ ထိုင်ရေးဖို့ အချိန်တွေ သုံးနိုင်ပါလိမ့်မည်။ ဘာတွေ ဘယ်လိုပဲ ဖြစ်ဖြစ် အကောင်းကိုမြင်ကာ ရသလောက် အခွင့်အလမ်းဖြင့် အကျိုးရှိနိုင်အောင်သာ သုံးတတ်ဖို့ လိုပါသည်။ ဘယ်လို အခက်အခဲ ကြုံလာကြုံလာ ဇွဲမလျော့ပဲ ဆက်လုပ်နိုင်ဖို့သာ လိုပါသည်။ ကျနော်တို့ တိုင်းပြည်တည်ဆောက်ရေးမှာ အခက်အခဲပေါင်းများစွာ စွန့်လွှတ်မှုပေါင်းများစွာ လိုနေသေးသည်မဟုတ်ပါလား။ 
ကျနော့်တွင် ခြေထောက် နှစ်ချောင်း ကျန်ပါသေးသည်။ အကယ်လို့ ခါးဆစ် ရောဂါ ပြန်ဖြစ်လို့ လမ်းကောင်းကောင်း မလျောက်နိုင်တော့သည် ထားအုံး ချိုင်းထောက် နှစ်ချောင်း အဆင်သင့် ရှိနေပါသေးသည်။ 


မနက်ဖြန် ကားဝယ်သမားများ ကားလေးကို မောင်းယူသွားချိန်တွင်  သက်ရှိလူသား တိုင်းပြည်နှင့် နိုင်ငံအတွက် ဘာကောင်းကျိုးမှ မပြုခဲ့သော လူနိုင်ငံသားများထက် စာလျှင် တိုင်းပြည်အတွက် ဥာဉ်ကောင်းဘေးကင်း အရာရာချောမွေ့စွာဖြင့်  သယ်ပိုးပေးနိုင်ခဲ့သည့် သက်မဲ့ဖြစ်သော ဒီ မာဇဒါဂျစ် ကားလေးကို ကျနော် အလေးပြုလျက် နှုတ်ဆက်လိုက်ပါမည်။


 နေမျိုးဇင်
၂၀၁၂ ခုနှစ် သြဂုတ်လ ၁၅ ရက်။ ည ဆယ်နာရီ

No comments:

Post a Comment

About Author

Subscribe in Reader

Access B-G on Go

About B-G

Related Posts with Thumbnails