Wednesday, October 31, 2012

ကျနော့် ဘ၀ ကောက်ကြောင်း တမျှင်



ကျနော် ဆိုသော လူ သေးသေးလေးကို မွေးမွေးချင်းကပင် လောကဓံ က ခပ်ကြမ်းကြမ်း ကြိုဆိုခဲ့ပါသည်။

 မျက်စေ့ ကောင်းစွာ မမြင်သော အမေစု ဆိုသည့် ၀မ်းဆွဲသည်  အဖွားအိုက မိခင် ၀မ်းမှ ကျွတ်လွတ် မွေးဖွါးလာသော သားကင်းငယ်လေးကို လက်ဖြင့် ဖမ်း မမိလိုက်။ လွတ်ထွက်သွားသည်။

 ဒုန်း ကနဲ ကွပ်ပျစ်ပေါ် တစုံတခု ပြုတ်ကျသံနှင့် အတူ ကလေး တဦးဧ။် ၀ါး ကနဲ စူးရဲစွာ အော်ငိုသံကြားမှ ကလေး မွေးသွားပြီကို သိလိုက်သည် ဆိုဧ။်။

လောကဓံက လောက လေကို စ ရှုရှုချင်းပင် နာကျင်ခက်ခဲမှုနှင့် စတင် မိတ်ဆက်ပေးလိုက်သည့် နေရာလေးမှာ မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်း၊ သုဝဏ္ဍမြို့၊ ၂၄ ရပ်ကွက်။ ရေနံ့သာလမ်းမ၊ ကမာလမ်းသွယ် အိမ်အမှတ် ၇၄ အခန်း (၁) တွင်ဖြစ်သည်။ မွေးဖွါးလာပြီးပြီးချင်း ကြမ်းပြင်ပေါ် ပြုတ်ကျခဲ့သည့်  အချိန်မှာ  ခရစ် သက္ကရာဇ် 1975 ခုနှစ်၊ ဇွန်လ (၁၀) ရက် ၊ မြန်မာလို အင်္ဂါ နေ့ ဖြစ်သည်။
နေမျိုးဇင် မွေးဖွါးသော ခုနှစ်က ထုတ်ဝေတဲ့ တက္က္ကသိုလ် နှစ်လည် မဂ္ဂဇင်း ပုံလေးဖြစ်ပါတယ်။

နွမ်းပါးသော ရေနံဝန်ထမ်း စာရေး ဖခင်နှင့် လက်လုပ်လက်စား အကြော်သည် မိခင်တို့မှ မွေးဖွါးသော ကျနော် တိုင်းပြည် ဗရုတ် ဗရက် ကာလ အတွင်းတွင် လူဖြစ်ခဲ့ရတယ်။  သမိုင်း အရေးအခင်းများ ဖြစ်နေချိန်၊ စာသင်ကျောင်းများ အားလုံး ပိတ်ထားချိန် မှာ ကျနော် မွေးခဲ့တာမို့လား မသိ ။ ကျနော်တို့ လူလားမြောက်ချိန် ထိ ကျောင်းတွေက ဖွင့်လိုက် ပိတ်လိုက်။ မတည်ငြိမ်သေးပေ။

 ကျနော် မွေးစဉ်နှင့် မွေးပြီး မကြာမှီတွင်ပင်နိုင်ငံရေး အုံကြွမှုများ ဆက်တိုက်ဆိုသလို ဖြစ်ခဲ့သည်။

ကျနော် အနည်းငယ်မှတ်မိလောက်သည့် အရွယ်တွင် ဖခင်ဖြစ်သူ ဦးငွေဇင် ဧ။် ရေနံလုပ်သားအဖြစ် မင်းဘူးမြို့တွင် တာဝန်ထမ်းခိုက် အဖြစ်အပျက်များဖြစ်သည်။ ကျောင်းသား သူငယ်တန်းကြီး အရွယ်၊ ဒုတိယတန်း အရွယ်တို့တွင် ကျောင်း ကပွဲများတွင် တက်ရောက် သီချင်းကဗျာတွေ ဆိုတတ်နေပြီ။ ဓါတ်ပုံမှတ်တမ်းလေးများပင် ကျန်နေသေးသည်။

ဟာ သ အဖြစ် ကျောင်းကပွဲ တခုတွင် ကဗျာတပုဒ်ကို ကျနော် ဆိုရသည်။  ..... ဟို ကိုသွားလည်း ဖိုး လမင်း၊ ဒီကို သွားလည်း ဖိုးလမင်း ........ လမင်း ကဗျာ ဆိုနေခိုက် မခိုင့်တခိုင် ခါးပတ်ဖြင့် တွဲပတ် ၀တ်ပေးထားသော လူကြီးများဝတ် ပုဆိုး က ခြောက်နှစ်သား ကျနော့်ခါးမှ ကျွတ်ကျပြီး ငယ်ဖေါ်ရွှေချိုး တန်းလန်းနှင့် စင်ပေါ်မှ ပြုံးဖြီးဖြီး ရှက်ရမ်း ရမ်းခဲ့သည်ဟု အဖေ က မကြာခန ပြောတတ်ပါသည်။
တမာနံ့လေးတွေ သင်းနေသော မန်းရေနံမြေ ဒေသ လမ်းမ ကြီးတလျောက် သားအဖ တွေ ညီအကိုတွေ လမ်းလျောက် ဆော့ကစား အပြေးအလွှားသွားခဲ့တာတွေ၊ နှမ်းခင်းကြီးတွေ ၊  စပါးခင်းကြီးတွေကြား သွားလာ ဆော့ကစားခဲ့တာတွေ ကိုလည်း ပြန်မြင် မှတ်မိ နေခဲ့ပါတယ်။

နောက် တတိယတန်း ကျောင်းသားအရွယ်ရောက်တော့ ၇န်ကုန်ကို ပြန်ပြောင်းလာခဲ့ရပြန်တယ်။ သုဝဏ္ဍမြို့ ကောက်လျင်လမ်း အိမ်အမှတ် ၁၇၈ အခန်း ၄ မှာ နေရပါတယ်။ အမက (၁၆) သုဝဏ္ဍမှာ ကျောင်းတက်တယ်။ ငယ်ငယ်ကတည်းက စာဖတ် သိပ်ဝါသနာ ပါတဲ့ ကျနော်ဟာ လေးငါးတန်း အရွယ်မှာပဲ သခင်အောင်ဆန်း၊ မျက်ရှု ကဗျာတွေအကြောင်း၊ ဆိုရှယ်လစ် ခေတ် နိုင်ငံရေးစာပေတွေ အကြောင်း တစေ့တစောင်း ဖတ်မိသိရှိနေပါပြီ။ ဗီဇ ကကို ပါလာခဲ့တယ် ထင်မိပါတယ်။

လူမှန်းသိတတ်စ ငါးတန်း၊ ခြောက်တန်း အရွယ် ကလေးဘ၀ ကျနော့် ပုံရိပ်တွေကတော့ ချွေးနဲ့ မောပန်းနွမ်းနယ်မှုတွေနဲ့ အပြည့်နဲ့ပေါ့လေ။ မုန့်လုံးကြီး အကြော်သည် မိခင်ကြီးအတွက် မနက် သုံးနာရီဆို ဆယ့်တစ်နှစ်သားလေး ကျနော်လည်း အိပ်ရာက ထနေရပါပြီ။ မုန့်လုံးကြီးကျော်၊ ပဲကပ်ကြော်၊ ဗယာကြော် စတာတွေကို လဘက်ရည်ဆိုင်တွေ အတွက် ဖေါက်သည်ပေးပို့ဖို့ အစောကြီး ထ ကြော်ခဲ့ရတဲ့ မိခင်အတွက် ကျနော်ဟာ နေ့စဉ်မီးမွှေး ဆီအိုးတည်၊ မုံးလုံးပေးခဲ့သူပါ။ ကျောင်းမသွားခင် အလုအယက် လမ်းတကာ့လမ်း လျောက်သွား ဗန်ဒါပင်လေးတွေက အရွက်လေးတွေကို လိုက်ခူး၊ လွယ်အိတ်တလုံးနဲ့ ပုဇွန်စာရွက်တွေ လိုက်ရှာခူး ၊ ဈေးစည်ကားချိန် ဆို မုန့် ဗန်းကို ခေါင်းမှာ ရွက် ၊ သုဝဏ္ဍ ဈေးထဲမှာ လှည့်ပတ်ပြီး မုန့်တွေ မကုန်မချင်း မုန့်လုံးကြီးကြော် ပဲကပ်ကြော် ဗယာကြော် လို့ တကြော်ကြော် အော် လိုက်ပတ်ရောင်း၊ အမေကို လုပ်ကူရင်း နေ့ခင်းဘက် ကျောင်းမသွားခင် ကသီလင်တ နေ့စဉ် ဘ၀ ရှုပ်ရှက်ခတ်စွာ ဖြတ်ခဲ့ရဖူးသူပါ။

ဒါကြောင့်မို့လည်း ထင်ပါတယ်။ ကျနော် ရိုးသားစွာ ၀မ်းစာရှာရတဲ့ ဘယ်အလုပ်ကို မဆို မရှက်မကြောက် လုပ်ရဲ လုပ်တတ်ခဲ့ပါတယ်။ ဘာကိုမှလည်း အားမနာတတ်တာ ဒါကြောင့်လည်းပါပါမယ်။

ခြောက်တန်း ကျောင်းသား ဘ၀ လည်းရောက်ရော ၊ ဆင်းရဲလွန်းတဲ့ မိဘ တို့ ဘ၀ ရပ်တည်မှုကို မကြည့်ရက်တော့တာနဲ့ ကျနော် ကျောင်းမတက်တော့ပဲ ပန်းရံ၊ မြေတူး ကြုံရာကျဘန်း လိုက်လုပ်ပြီး မိဘ လုပ်ကျွေးမယ် လို့ ဆုံးဖြတ်တာလည်းဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် ကျောင်းမှာ မနေပျော်တော့ပဲ။ ဘ၀ကို လေဆန်လှန်ချင်တဲ့ ငယ်စိတ်ကြောင့်လည်းဖြစ်မယ်။ ကျနော် ကျောင်းတက်ဖို့ ငြင်းဆန်ပြီး ကျောင်းမသွား အလုပ်တွေ လိုက်ရှာနေတာ တလကျော် ကျောင်းဖွင့်ရက်တွေ လွန်ကုန်ပါတယ်။ တေပေလေလွင့်ချင်တဲ့ လူငယ် မြီးကောင်ပေါက် တယောက်ရဲ့ ဘ၀ ပေါ် ထင်သလို ထွက်ပေါက် ရှာလိုခြင်း လုပ်ရပ်တခုပါပဲ။

အဲဒီတုန်းက ကျနော်တို့ အတန်းပိုင် ဆရာမ ဒေါ်ခင်သန်းနွယ်က ကျနော့်ကို အိမ်ထိ လာပြီး အဲဒီခေတ်က သိပ်တန်ဖိုးရှိတဲ့ ပန်းဖွားလွယ်အိတ် ပန်းရောင်လေး ကို လက်ဆောင်လာပေးပြီး ကျနော် လူပေလူဆိုးလေးကို ကျောင်းပြန်တက်ဖို့ ချော့မော့ လာခေါ်ရှာပါတယ်။ အမေ ကလည်း သူ့သား ကျနော် ကျောင်းမပျော်ကြီးကို ကျောင်းပြန်တက်ဖို့ အကြိမ်ကြိမ် နားချ သွန်သင် အတင်းကို ဆွဲတင်တွန်းပို့ပြီး ကျောင်းပြန်တက်ဖြစ်အောင် ကြိုးစားခဲ့ပါတယ်။ ဒါကြောင့်လည်း ကျနော် ဆယ်တန်းအောင် စစ်တက္ကသိုလ် တက်ဖြစ်ပြီး အခုလို ပြည်သူ့တပ်မတော်သားကြီး တယောက်ဖြစ်လာခဲ့တာပါပဲ။ ဒါကြောင့် ပညာရေး နဲ့ ပတ်သက်ပြီး ကျနော့် အတွေးအမြင်တွေကို ပြောင်းလဲတိုးတက်စေဖို့ အခြေခံကျတဲ့ ပညာရေး အဆက်မပြတ်စေဖို့ တပည့်လေးကို သွန်သင်ဆွဲဆောင် ကျောင်းပြန်တက်ချင်အောင် သူ့ လစာကိုတောင်သုံးပြီး ကျောင်းပြန်တက်စေခဲ့တဲ့ ချစ်ဆရာမကြီး ဒေါ်ခင်သန်းနွယ် ကို ကျနော် အထူး အထူး ကျေးဇူးမမေ့မိပါ။ ဒါပေမယ့် အခုထိ ဆရာမ ကို သွားရောက် မကန်တော့ဖြစ်သေးပါ။ စိတ်ထဲကတော့ မကြာမကြာ သတိရနေပါတယ်။

ကျောင်းခန်းထဲကိုလည်း လွယ်အိတ်အကြီးကြီး အလေးကြီးကိုလွယ် ကားယားကားယားနဲ့ ကျောင်းတက်လာတဲ့ ကျနော့် လွယ်အိတ်ထဲမှာ ဇီးထုပ်တွေ၊ ဇီးပြားတွေ မုန့်ပဲသားရည်စာတွေ ပါပါတယ်။ ကျောင်းသား အချင်းချင်း မုန့်ပြန်ရောင်းပြီး ရလာတဲ့ အမြတ်ကလေး ကသာ ကျနော့် တနေ့စာ မုန့်ဖိုး ဖြစ်လေတော့ ကျနော့် ငယ်ဘ၀ ဟာ ဘယ်လိုပုံ ဘယ်လို ဖြတ်သန်းခဲ့ရတယ် ဆိုတာ အကြမ်းမျဉ်းတော့ ခန့်မှန်း မိကြလောက်ပြီပေါ့။

ဒီလို ဘ၀သာ ခပ်ကြမ်းကြမ်း ဖြတ်သန်းခဲ့ဖူးပေမယ့် မိခင်ဖြစ်သူ ဒေါ်ခင်သီ ရဲ့ တင်းကြပ်တဲ့ စာရိတ္တသွန်သင် ကြီးကြပ်မှု အောက်မှာ ကျနော်တို့ ညီအကိုငါးယောက်စလုံးဟာ ရိုးရိုးကျင့် မြင့်မြင့်ကြံ ၊ ရိုးသားဖြောင့်မတ်မှုကိုသာ အလေးထား ကျင့်ကြံလိုတဲ့ စိတ်ထားတွေ ခိုင်ခိုင် ရရှိခဲ့ပါတယ်။

မတရားတာ မလုပ်၊ မဟုတ်တာဆို လက်မခံ၊ ရိုးသားစွာနဲ့ ပင်ပန်းခံကာ လောကဓံကို ရင်ဆိုင် ရဲတတ်လာတာဟာ အမေ ပေးတဲ့ အမေ့ အမွေတွေကြောင့် ပါပဲလို့ ကျနော် ကြီးပြင်းတဲ့အချိန်မှာ အလိုလို အသိအမှတ်ပြုလာပါတယ်။ အမေဟာ ရိုးသားဖြောင့်မတ်သူဖြစ်တယ်။ ပင်ပန်းဆင်းရဲစွာနဲ့ သားငါးယောက်ကို အကြော်ကြော် ကျွေးခဲ့စဉ် အမေ့ ပုံရိပ်ဟာ အညှော်တွေ ၀ ပြီး ဘယ်တော့မှ အိပ်ရေး မ၀ခဲ့တဲ့ မျက်ဝန်း ဟောက်ပက် အမေဟာ သားတွေ အရှေ့မှာတော့ အမြဲ ပြုံးရွှင်နေတတ်တဲ့ မိခင်ကောင်း စံပြအမေပါ။

ဒိလိုနဲ့ပဲ နေမျိုးဇင် ဆိုတဲ့ ကျနော်ဟာ တဖြည်းဖြည်း လူလားမြောက်ကြီးပြင်းလာပါတယ်။ စာတွေလည်း ဖတ်တတ်လာတယ်။ စာမရွေး အချိန် မရွေး တွေ့ရာ စာအုပ်ကို လက်ကမချ ဖတ်တတ်လာတဲ့ အရွယ်အထိ ကျနော်တို့ မိသားစုဟာ အလွန်ဆင်းရဲ နိမ့်ကျနေဆဲဖြစ်ပါတယ်။ ကျောင်းသွားမုန့်ဖိုးဆိုလို့ ငါးပြား လောက်သာ ရခဲ့ဖူးပါတယ်။ တခါ တလေ မုန့်ဖိုးမရပဲ မန်ကျည်းစေ့ တထုပ်သာ ရခဲ့တာလည်း မှတ်မိပါတယ်။

ကျနော့် မေမေ ဒေါ်ခင်သီနဲ့ ကျနော့် ဖွားဖွား ( အမေ့ အမေ) ဒေါ်မြား ခင် တို့က ဗိုလ်လောင်း ပထမနှစ် ဒေါက်တင်ပွဲမှာ ကျနော် နေမျိုးဇင် ပုခုံးပေါ်ကို ဒေါက်တင်ပေးနေကြပုံဖြစ်ပါတယ်။


ကျနော် တို့ ရိုးသားမှုကို တန်ဖိုးထားရကောင်းမှန်း အဲဒီ လို ငယ်စဉ် အရွယ် ကလေးဘ၀ အရွယ်ကတည်း က သိမြင်နားလည်အောင် လုပ်ပေးခဲ့တဲ့ ကျေးဇူးရှင် ဟာ ကျနော့် အမေ ဒေါ်ခင်သီ ပဲဖြစ်ပါတယ်။ ဒါကြောင့် ကျနော် ညစဉ် အိပ်ဖြောင့်အောင် မသိစိတ်မှာပါ ရိုးသားခြင်းဖြင့် နေတတ်အောင် သွန်သင်ဆုံးမ ဦးဆောင်ပြခဲ့တဲ့ ကျနော့် အမေ ဟာ ကျနော့် ဘ၀ အတွက် မွေး၊ ကျွေး၊ အလင်းပေးခဲ့တဲ့ တကယ့် ကျေးဇူးရှင် အစစ်သာဖြစ်ပါတော့တယ်။

အပိုင်း (က ) အဖြစ် ခါးနာ အနည်းငယ် သက်သာခိုက် ကမန်းကတန်း ရေးတင်လိုက်ပါတယ်။

No comments:

Post a Comment

About Author

Subscribe in Reader

Access B-G on Go

About B-G

Related Posts with Thumbnails