Sunday, June 26, 2016

ကျနော် ဒီဘလော့ လေးမှာ မရေးဖြစ်ခဲ့တာ လေးနှစ်လောက် ရှိပါပြီ။
ဒီနေ့ ဇွန်လ ၂၆ ရက် ညပိုင်းမှာ စိတ်ကူးရလို့ ဖွင့်ကြည့်မိလိုက်တော့ အဆင်သင့် ရှိနေသေးတာ တွေ့ရတယ်။

ဒါနဲ့ အမှတ်တရ စာစုလေး တချို့ ရေးတင်လိုက်မိတယ်။
 မနက်ဖြန်ဆို ကျနော်က ခါးဆစ်ရောဂါ အတွက် အရိုးအကြောအထူးကု ဆရာဝန်ကြီးဒေါက်တာကံမင်း နဲ့ ပင်လုံဆေးရုံမှာ ပြသ ကုသရမှာဖြစ်တယ်
ငါးနှစ်လုံးလုံး မကြာမကြာ ခံစားနေရတဲ့ ခါးဆစ် အာရုံကြောညှပ်တာလား ခါးဆစ် ကျီးပေါင်းတက်တာလား မသိတဲ့ ပြင်းထန်စွာ ခါးနာနေမှုအတွက် ကုသမှာဖြစ်ပါတယ်။

ထောင်ကျနေစဉ်က အကြိမ်ကြိမ် မထနိုင်ပဲ လပေါင်းများစွာ လဲလျောင်းနေခဲ့ရပေမယ့် အရိုးအကြောဆေးရုံတွေမှာ ကုသခွင့် မရခဲ့ပါဘူး။ အခု နောက်ဆုံး ၂၀၁၅ တနှစ်လုံး ထောင်ထဲနေစဉ်မှာလည်း လေးလ လောက် တခါ ပြန်လှဲနေရပြန်ပါသေးတယ်။

ထောင်က လွတ်ပြီးတဲ့ နောက် တခါတလေ ခရီးဝေး ကားဆောင့်တဲ့ အခါ ၊ အခန့်မသင့်တဲ့ အခါမျိုးမှာ ပြန်ပြန် နာနေတတ်ပေမယ့် လုပ်စရာ အလုပ်တွေ ရှိနေတယ်လို့ အားတင်းပြီး ကြိတ်မှိတ် နေခဲ့ လုပ်ခဲ့တာ ရေရှည် အတွက် စိတ်ပူစရာဖြစ်လာတယ်။

အခု ဆွစ်ဇာလန် နိုင်ငံက ခန ပြန်လာတဲ့ ဆရာဝန်ကြီး ဒေါက်တာကံမင်းနဲ့ မနက်ဖြန်မှာ ကုသရမယ်။ ခေတ်မှီ နည်းပညာနဲ့ အထူးကု ဆရာဝန်ကြီးကိုယ်တိုင် ကုသ ပေးမှာဖြစ်လို့ ခွဲစိတ်ရမယ် ဆိုရင်တောင် ကျနော် စိတ်မပူပါဘူး။ စိတ်သက်သာပါတယ်။  ခွဲစိတ်ရမယ့် အဆင့်လည်း မဖြစ်လောက်ဘူးလို့ ထင်ပါတယ်။

ဒါပေမယ့်လည်း လူ့ဘ၀ ဆိုတာ လှံထမ်းလာတာ သာ မြင်ရတာ ကံထမ်းလာတာ မမြင်ရသလို ကံပြုတ်ကျနေတာကိုလည်း ကြိုမသိနိုင်ဆိုတော့ ။  ကျမ်းမာရေး ပြန်လည် ကောင်းမွန်လာမလား။ ဆိုးရွားသွားနိုင်သလား ဆိုတာ ဘာမှ မမျှော်လင့်နိုင်တဲ့ ကံ တခုပါပဲ။

ဒါကြောင့် စာစုလေးတွေကို သတိတရရေးမိတယ်။

မြန်မာ့လူမှုဘ၀တိုးတက်မြင့်မားရေး လုပ်ငန်းစဉ်များစွာ အတွက် အစီအစဉ်တွေ၊ ရည်မှန်းချက်တွေနဲ့ အရှိန် အဟုန် ပြင်းပြင်းဆောင်ရွက်ဖို့ အချိန်ရလာချိန်မှာ ကျနော် လူနာတယောက် အဖြစ် ခါးဆစ် ဝေဒနာကို ပြန်မခံစားချင်တော့လို့ ဆရာဝန်ကြီးထံမှာ ရအောင် ဆေးကုသခွင့်တောင်းခံရတာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၁၈ နှစ်က ပုံလေးနဲ့ အခု အသက် ၄၁ နှစ်အရွယ် ပုံ ဇရာထောင်းလာတဲ့ပုံ နှစ်ခုကို ပြန်ယှဉ်ကြည့်ရင်း ကျနော် လူ့လောက မှာ အသက်ရှင်နေတာ တန်ဖိုးရှိပါရဲ့လား။ လူတယောက် အဖြစ် လူပီသသူ ဖြစ်နေပါရဲ့လား လို့ ပြန်မေးခွန်းထုတ်နေမိတယ်။




အားလပ်တဲ့ အချိန်လေးတွေမှာ ဒီဘလော့လေးကို ဆက်လက် ရေးသားပါမယ်။ မနက်ဖြန် ဆေးရုံ မတက်ရပဲ အေးဆေးစွာနဲ့ ဆေးစား လေ့ကျင့်ခန်းလုပ်ယုံဖြင့် ရောဂါ ပြန်လည် သက်သာ ပျောက်ကင်းလာလိမ့်မယ် ဆိုရင် သိပ်ကောင်းမှာပဲလို့ တွေးနေမိပါတယ်။

ခွဲစိတ်ရမှာ မကြောက်။ သေမှာ နာမှာလည်း မကြောက်။
အမိမြေ အတွက် လုပ်ဆောင်စရာ အကြောင်းအရာ တွေ များလွန်းအားကြီးတဲ့ အတွက် လုပ်ရန် အချိန်မရပဲ ဆေးရုံကုတင်မှာ သွားလှဲလျောင်းနေရမှာကိုပဲ ကြောက်တာပါ။

မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ။
မြန်မာနိုင်ငံသားများ တိုးတက်ပါစေ။ ချမ်းသာပါစေ။ ကျမ်းမာပါစေ။

Type your summary here. Type the rest of your post here.

No comments:

Post a Comment

About Author

Subscribe in Reader

Access B-G on Go

About B-G

Related Posts with Thumbnails